-->
စဉ်းစားမိတယ်… လူတွေရဲ့  စရိုက်တွေ အပြုအမူတွေအကြာင်းပေါ့… “လူတယောက် စရိုက်တမျိုး” ဆိုပြီး ပြောကြပါတယ်... “လူတကိုယ် စိတ်တမျိုး” ဆိုပြီးလဲ ကြားနေကြပါပဲ… ပြောချင်တာက လူတယောက်နဲ့ တယောက် စရိုက်မတူဘူး… စိတ်ချင်းမတူဘူး… အကြိုက်ချင်း တို့ ဘာတို့ လဲ မတူကြဘူးလို့ပေါ့… ဒါပေမယ့် လူတယောက်မှာ စိတ်တို့ စရိုက်တို့ တမျိုးထဲပဲ ရှိမှာလား… အမျိုးမျိုးရော မရှိနိုင်ဘူးလာ… ပြီး တော့ ဘယ်လို အခြေအနေ အချိန်အခါတွေမှာ စရိုက် အမျိုးမျိုးရှိနိုင်တာလဲ… တမျိုးထဲရှိတာက ကောင်းလား… အမျိုးမျိုးရှိတာက ကောင်းလား…
အနီးဆုံး ဥပမာအနေနဲ့ ကိုယ့်ကိုယ်ကို ပြန်ကြည့်ကြည့်တော့… ကိုယ့်မှာလဲ စရိုက်အမျိုးမျိုးရှိတာတွေ့ရတယ်… သူငယ်ချင်းတွေကို လက်လှမ်းမှီသလောက် မေးကြည့်တော့ လဲ သူတို့မှာလဲ… စရိုက်အမျိုးအမျိုးရှိကြောင်းတွေ့ရတယ်… ဒါပေမယ့် လူတိုင်းတော့ မဟုတ်ဘူးပေါ့… သူငယ်ချင်းတယောက်ဆိုရင် (မိန်းကလေး)… သူက ဘယ်နေရာပဲ ရောက်ရောက် ဘယ်အချိန်မှာပဲ ဖြစ်ဖြစ် အမြဲ တက်ကြွပြီး ပေါတောတောနေတတ်တာ… သူစိတ်ညစ်တဲ့ အချိန်တွေကလွဲရင်ပေါ့… နောက်သူငယ်ချင်းတယောက်လဲ ရှိသေးတယ်… သူကတော့ ယောက်ျားလေး… သူ့ကြည့်လိုက်ရင် အမြဲတမ်းပျော်နေတာပဲ… အရာရာ ကို အကောင်းမြင်တတ်ပြီး စိတ်ညစ်တယ်ဆိုတာကို မရှိဘူး… သူ့ဘ၀လေးများသာယာလိုက်တာလို့ တခါတခါ တွေးမိတယ်… ဒါပေမယ့် သူကျန်တဲ့ အချိန်တွေမှာရော ဒီလို ပျော်ပျော်ပဲနေတာလား… ဒါမှမဟုတ် ဘယ်လိုလဲ…
လူတယောက်က သူ့ရဲ့  စရိုက်ကို ပြောင်းတဲ့ အချိန်က အမျိုးမျိုး ရှိပါတယ်… တွေ့နေကြကတော့ ဆက်ဆံရတဲ့ လူကို လိုက်ပြီး စရိုက်ပြောင်းတာနဲ့ … သူတို့ ခံစားရတဲ့ စိတ်အခြေအနေအပေါ်လိုက်ပြီး စရိုက်ပြောင်းတာနဲ့ ပေါ့… သူငယ်ချင်းတွေနဲ့ မိသားစုထဲမှာ တွေ့ ရတာလေးတွေကို မျှဝေချင်ပါတယ်…
ဆက်ဆံရတဲ့ လူကို လိုက်ပြီး စရိုက်ပြောင်းတာမှာ နှစ်မျိုးရှိပါတယ်… ကိုယ့်စရိုက်က ဒီတယောက်နဲ့ ဆက်ဆံရင် ဒီစရိုက်… ဟိုတယောက်နဲ့ ဆက်ဆံရင် ဟိုစရိုက်ပေါ့ အဲဒါက အလိုလိုစရိုက်ပြောင်းတာ… နောက်တမျိုးက ကိုယ် ကိုယ်တိုင် စရိုက်လိုက်ပြောင်းတာ… ပြောရရင်… ဒီတယောက်နဲ့ ဆိုရင် ဒီစရိုက်မျိုး ဖြစ်ချင်တယ်… ဟိုတယောက်နဲ့ ဆိုရင် ဟိုစရိုက်မျိုး ဖြစ်ချင်တယ်ဆိုပြီး… ကိုယ့်စရိုက်ကို ကိုယ်ကိုယ်တိုင် အမျိုးမျိုး ပြောင်းလဲ နေတာပေါ့… ပြောနေတာနဲ့ တော်တော် ရှုပ်နေပြီ… ဥပမာလေးပေးဦးမှ…
သူငယ်ချင်း တယောက်က(မိန်းကလေး) သူက သူငယ်ချင်းတွေနဲ့ ဆိုရင် ရေလည်ပေါတယ် ပျော်ပျော် နေတတ်တယ်… ဒါပေမယ့် သူ့အိမ်က မိသားစုနဲ့ ဆိုရင် မခုတ်တတ်တဲ့ကြောင်ကျနေတာပဲ ငြိမ်လို့ … သူ့ အလိုလို စရိုက်က မတူဘူးဖြစ်သွားတာ… မတူတဲ့ ပတ်ဝန်းကျင်နှစ်ခုမှာ မတူတဲ့ စရိုက်နှစ်ခု ဖြစ်ပေါ်အောင်သူ လုပ်ယူတာမဟုတ်ဘူးတဲ့… ဖြစ်နိုင်တာကတော့ ကြီးပြင်းလာရတဲ့ ပတ်ဝန်းကျင်အပေါ်မူတည်တာပေါ့… မိသားစုနဲ့ ဆိုရင် အထိန်းအကွပ် အဆုံးအမတွေနဲ့ နေနေရတော့… ပင်ကိုစရိုက်ပျော်ပျော်နေချင်တဲ့သူက သူငယ်ချင်းတွေနဲ့ ကျမှ လွတ်လွတ်လပ်လပ်နဲ့ ပင်ကို စရိုက်အတိုင်းနေခွင့်ရလို့ပဲ ဖြစ်မယ်…
ဒီလို ပဲ တခြားသူငယ်ချင်းတွေအများကြီးရှိပါသေးတယ်… မိသားစုနဲ့ ဆိုတမျိုး… သူငယ်ချင်းတွေနဲ့ ဆိုတမျိုး ပိုပြီးရင်းနှီးတဲ့ အခင်ဆုံးသူငယ်ချင်းတွေနဲ့ဆိုတမျိုး… ပြီးတော့ ချစ်သူ/ရည်းစားနဲ့ဆိုတမျိုး… စသည်ဖြင့်ပေါ့… လူတိုင်းမှာ သူတို့ရဲ့  တကယ့်စရိုက် (real self) ဆိုတာ ရှိတယ်… ပြောရရင် ကိုယ်ပိုင်စရိုက်ပေါ့… ဒီလို စရိုက်က ကိုယ့်ရဲ့  ချစ်သူ ဒါမှမဟုတ် အခင်ဆုံး သူငယ်ချင်းတွေနဲ့ ဆိုရင် ပိုမိုပေါ်လွင်ပါတယ်… ဒါကလည်း တရားသေမဟုတ်ပါဘူး… ပတ်ဝန်းကျင်မှာ တွေ့  နေကျလေးကို ပြောပြတာပါ…
နောက်တမျိုးဖြစ်တဲ့ ကိုယ့်စရိုက်ကို ကိုယ်ဆက်ဆံတဲ့ လူတွေအပေါ်မူတည်ပြီး ကိုယ်ကိုယ်တိုင် ပြောင်းလဲ ယူတဲ့လူတွေထဲမှာ… ယမာကိုယ်တိုင် အပါအ၀င်ပေါ့… ယမာက မောင်လေးနဲ့ ဆိုရင် အမြဲ အလိုလိုက်ပြီး သူ့ကို ပျော်အောင်ထားချင်တာ… အဲဒါက တကယ့် စရိုက်… ဒါပေမယ့် ဒီလိုသူ့အလိုလို ဖြစ်ပေါ်တဲ့ စရိုက်အတိုင်းသာထားရင် မောင်လေးက အလိုလိုက်ပြီး ပျက်စီးမှာစိုးလို့ စည်းကမ်းတင်းကြပ်တဲ့ပုံလုပ်ထားရတယ်… အတန်းထဲမှာဖြစ်ဖြစ် သိပ်မခင်တဲ့ သူငယ်ချင်းတွေနဲ့ဖြစ်ဖြစ် ကိုယ်က တက်ကြွတဲ့ ပုံစံဖြစ်ချင်ပေမယ့် ဘယ်လို ကြိုးစားယူယူ စကားနည်းတဲ့ စရိုက်ပဲ ထွက်ထွက်လာတယ်… သိပ်မခင်တဲ့လူတွေနဲ့ဆို ဒီအတိုင်းချည်းပဲ… ဒီနေရာမှာတော့ လုပ်ယူတာ မအောင်မြင်ဘူးဖြစ်သွားတာပေါ့နော်…
ဒါပေမယ့် အရမ်းခင်တဲ့သူငယ်ချင်းတွေနဲ့ ဒါမှမဟုတ် ကိုယ့် ချစ်သူနဲ့ ဆိုရင်တော့… လုပ်ယူစရာကိုမလိုတဲ့ ပေါတောတောစရိုက်က ထွက်ထွက်လာတာ… တစ်ခါတစ်ခါ လူကြားထဲမှာ သူတို့က ကိုယ်ပေါနေတာကို ရှက်လွန်းလွန်း မျက်နှာဝှတ်ထားရတယ်… ကိုယ့်ထက် ပိုပေါတဲ့ အခင်ဆုံး သူငယ်ချင်းတွေနဲ့ တွေ့ရင်တော့ မရှက်တန်းကို ပေါတာ… တကယ့်စရိုက်ကဒီလို… ဒီလို…
ဒီလိုလုပ်ယူတဲ့ စရိုက်တွေက အောင်မြင်ပြီး အကျင့်ရသွားရင်တော့ တော်ပါရဲ့  … လုပ်ယူတဲ့ စရိုက်တွေက မအောင်မြင်ပဲ ကိုးလို့ကန့်လန့် ထွက်လာရင် အထင်လွဲစရာတွေဖြစ်လာဦးမှာစိုးရပါတယ်… ကိုယ့်အကျင့်က စွာကျယ်ကျယ် … ဒါပေမယ့် ကိုယ်က သူ့ရှေ့မှာ အေးအေးလေးနေပြချင်တယ်… မအောင်မြင်တော့ စွာမကျယ်သင့်တဲ့ နေရာမှာ စွာကျယ်မိရင် တဖက်ကကိုယ့်ကို ဘာမဟုတ်တဲ့ ကိစ္စလေးမှာ စိတ်မထိန်းနိုင်တဲ့ လူလို့ ထင်သွားမှ ဒုက္ခ… အစကတည်းက စွာကျယ်တဲ့ စရိုက်အတိုင်းသာနေလိုက်ရင် အော်သူ့အကျင့်ကိုက ဒီလိုလေးပဲဟာဆိုပြီး ဘာမှ အထင်လွဲစရာမရှိတော့ဘူးပေါ့… ဒါကြောင့် အစကတည်းက လုပ်ယူတဲ့ စရိုက်တွေထက် ကိုယ့်စရိုက်လေး အတိုင်းကိုယ်နေတာ အကောင်းဆုံးပေါ့… ပြောရရင်… Be Yourself ပေါ့…
နောက်ဆုံး အမျိုးအစားဖြစ်တဲ့ ခံစားရတဲ့ စိတ်အခြေအနေအပေါ်လိုက်ပြီး စရိုက်ပြောင်းတာ အတွက် ဥပမာပေးဖို့ ဝေးဝေးရှာနေစရာမလိုဘူး… ယမာ့ အဖေပါပဲ… ပုံမှန် အခြေအနေမှာ ဆိုရင် အဖေက အရမ်း ချစ်ဖို့ကောင်းပါတယ်… ရယ်စရာတွေပြောတတ်တယ်… ရယ်စရာတွေလုပ်ပြတတ်တယ်… ယမာတို့နဲ့ တော်တော်ကိုက်တယ်… တချိန်လုံး ပေါက်ကရတွေပြောနေတာ… ပြီးတော့ မုန့်ဖိုးလဲ များများပေးတယ်… အဟီး… ဒါပေမယ့် သူစိတ်ဆိုးပြီ ဒါမှမဟုတ် စိတ်ဓာတ်ကျပြီဆိုရင် လုံးဝ ကြောက်ဖို့ကောင်းပါတယ်… ပြဿနာမဟုတ်တာတွေကို ပြဿနာရှာပြီး လိုက်ရစ်ပါတယ်… (အရက်၊ဘီယာ မသောက်တတ်လို့ပဲ တော်တော့တယ်… သောက်တတ်ရင် ပိုဆိုးမှာ)… စရိုက်တွေ လုံးဝပြောင်းလဲသွားတာမှ … လူလုံးဝလဲပစ်လိုက်သလို… ကိုယ့်အဖေမဟုတ်တော့သလိုပဲ…
ဒီတော့ အဖေ့ဆီကနေ သင်ခန်းစာရတာက ကိုယ့် စိတ်ခံစားချက်ပေါ်မူတည်ပြီး ကိုယ့်ရဲ့  စရိုက်ကကြောက်စရာအတိ မဖြစ်သွားအောင် သတိလေးရှိနေဖို့ပါပဲ… ဒီလိုလုပ်ရတာခက်မှာပါ… ဒါပေမယ့် ကိုယ့်စရိုက်ကို ကိုယ်မထိန်းနိုင်ရင် ဘေးက လူတွေအတွက် လုံးဝမကောင်းတာ လက်တွေ့ပါ… ဒီအချက်ကို အမေက အဖေ့ကို အမြဲပြောနေကျပါ… ဒီတော့ အမျိုးမျိုး သင်ခန်းစာလေးတွေရတာပေါ့… ဒီရတဲ့ သင်ခန်းစာလေးတွေကို ချရေးပြီး မျှဝေလိုက်တာပါ…