Showing posts with label Archives (Stories). Show all posts
Showing posts with label Archives (Stories). Show all posts

Monday, April 19, 2010

ကျွန်တော့်ရဲ့  သူလေး (၂) .... ဇာတ်သိမ်း


-->
ဒီနေ့ ဆုံနေကျ အအေးဆိုင်လေးမှာပဲ… သူသင်တန်းဆင်းချိန် ကျွန်တော်လည်း နေ့လည်စာစားချိန် အလုပ်နားခိုက်လေးမှာ တွေ့ဖို့ချိန်းဖြစ်တယ်… ကျွန်တော်သူ့ကို ဒီနေ့ ချစ်နေကြောင်းဖွင့်ပြောမလို့လေ… ဒါပေမယ့်… ပျာယာပျာယာနဲ့ လမ်းကိုသုတ်သုတ် သုတ်သုတ်လျှေက်လာတဲ့ သူလေးကိုတွေ့တော့ ကျွန်တော်အံ့သြမိတယ်… ပြီးတော့ သူက ကျွန်တော်စောင့်နေတဲ့ အအေးဆိုင်ထဲလဲ မ၀င်ဘူး ကျွန်တော့်ကိုလဲ မြင်ပုံ မရပဲ ဘတ်စ်ကားဂိတ်ကို လျှောက်သွားတော့ …. ကျွန်တော်သူ့နောက်ကလိုက်ပြီး “ဘာတွေဖြစ်လို့ ပျာယာခက်နေတာလဲ”လို့မေးမိတော့… သူက… “သင်တန်းမှာ အိပ်ပျော်သွားတုန်း အိမ်မက်မက်တယ်… ညီမလေး နေမကောင်းဖြစ်နေတယ်တဲ့” လို့ စိတ်ပူစွာပြောလာတယ်…
ကျွန်တော်လည်း အလုပ်တွေဘာတွေရှိတာ ဂရုမစိုက်မိပဲ… သူ့ရဲ့  ပျာယာခတ်နေတဲ့ပုံကို ကြည့်ပြီး စိတ်မချတာနဲ့ သူ့နောက်ပဲလိုက်ပြီး သူ့ညီမလေး ဘာမှ မဖြစ်နိုင်ကြောင်း… ဂယောင်ချောက်ခြား အိမ်မက်လျှောက်မက်တာဖြစ်ကြောင်း လိုက်ပြောနေမိတယ်… ဒီလိုနဲ့ သူနဲ့အတူ သူ့အိမ်အောက် အထိတောင်ရောက်လာမိပြီ… ဒါနဲ့ မထူးပါဘူးလေဆိုပြီး… အိမ်ပေါ်အထိလိုက်သွားလိုက်တယ်…
သူ့အိမ်ရောက်တော့ သူလေးရဲ့  အဖေနဲ့အမေကို ဧည့်ခန်းမှာတွေ့ရတယ်… ကျွန်တော်က ဘယ်ကဘာစပြောရမှန်းမသိတော့ ပြုံးပြလိုက်တယ်… သူ့အဖေနဲ့အမေက ကျွန်တော်ကို ဘာမှန်းမသိတဲ့ပုံနဲ့ သံသယဖြစ်စွာ ကြည့်နေတာတွေ့ရတယ်… ဒီအချိန်မှာ သူလေးရဲ့  အမေက “သမီး ဘယ်လိုဖြစ်တာလဲ” လို့ သူလေးကို လှမ်းမေးတာကို သူလေးက ဂရုမစိုက်ပဲ… အိမ်ထဲပြေးဝင်သွားတယ်… ဒါနဲ့ ကျွန်တော်လဲ … ကိုယ့်ဘာကိုယ်ပဲ မိတ်ဆက်ရတော့မယ်ဆိုပြီး… “ကျွန်တော်က ညီမင်းပါ… အိခိုင်နဲ့ ခင်တာ ၃လလောက်ရှိပါပြီ… ပြီးတော့ သူက ဒီနေ့ သူညီမလေး နေမကောင်းဖြစ်နေတယ် ထင်တယ်ဆိုပြီး… ပျာယာပျာယာနဲ့ အိမ်ပြန်တော့ စိတ်မချတာနဲ့ အိမ်လိုက်ပို့ ဖြစ်တာပါ” လို့ ပြောလိုက်တော့ အဲဒီ သူ့အဖေနဲ့အမေတို့ က နားလည်ရခက်တဲ့အကြည့်ချင်းဖလှယ်လိုက်ပြီး… သူ့အမေကပဲစပြီး… “ဒါဆိုသားက သူနဲ့ သိပ်မခင်သေးဘူးထင်တယ်… ပြီးတော့ အန်တီတို့ သိသလောက် သူ့မှာက သူငယ်ချင်းသိပ်မရှိဘူး…” လို့ ပြောလာတော့ ကျွန်တော် သူလေးကို သနားသွားမိတယ်…
ကျွန်တော်ကလည်းပြန်ပြီး… “ဟုတ်ကဲ့အန်တီ… သိပ်တော့မခင်ပါဘူး… သူက အေးအေးပဲနေတတ်လို့ထင်ပါတယ်… ” လို့ ပြောတော့ သူ့အဖေက သက်ပြင်းချလိုက်ပြီး “သားက ဦးတို့ သမီးကို တော်တော်ခင်တွယ်ပုံရတယ်… သမီးကို စိတ်မချလို့ အိမ်အထိတောင်လိုက်ပို့တယ်ဆိုတော့… အင်း… ဒီတော့ ဦးကလည်း သားကို ပွင့်ပွင့်လင်းလင်းပဲ ပြောရတော့မယ်…” ဆိုပြီး သက်ပြင်းချလိုက်ပြန်တယ်… ကျွန်တော်ထင်လိုက်တာက… သူတို့ သမီးနဲ့ မပက်သက်ဖို့ ဘာဖို့ သမီးတွေ မိဘတွေပီပီ ဆုံးမသြ၀ါဒပေးတော့မယ်ပေါ့… သူ့အဖေက ကျွန်တော့်ကို မပြောခင် အေးအေးဆေးဆေးထိုင်ဖို့ အရင်ပြောတယ်… နောက်ဆက်ပြီး…
“ဦးတို့မှာ သမီးနှစ်ယောက်ရှိတယ်… တယောက်ကအိခိုင်… နောက်တယောက်က အိလှိုင်... အိခိုင်က အိလှိုင်ထက် ၈နှစ်ကြီးတယ်…” ဆိုပြီး စကားရပ်လိုက်တုန်း… ကျွန်တော်က ကြားဖြတ်ပြီး… “ဒါပေမယ့် သူက ညီမလေးကို ထိန်းဖို့လို့ပဲ ပြောနေတော့ သူ့ ညီမလေးက အလွန်ဆုံးရှိလှ ၇နှစ်၈နှစ်လို့ထင်နေတာ….” လို့ပြောတော့...
“အင်း… အဲဒါပဲပြောမလို့…. တကယ်တော့ ဦးတို့ရဲ့  သမီးငယ် အိလှိုင်လေး လွန်ခဲ့တဲ့ ၅နှစ်က ဆုံးပါးသွားခဲ့တာ…” …. လို့ ပြောလိုက်တော့… ကျွန်တော် “ဗျာ”လို့ ရုတ်တရက် ပြောလိုက်မိတယ်…
“ဟုတ်တယ်… အိလှိုင်လေးက ငယ်ငယ်က ပိုးထိသွားလို့ အောက်ပိုင်းသေနေတာ… အသက်၇နှစ်မှာ အဖျားကြီးပြီး ပိုးက ဦးနှောက်အထိရောက်သွားပြီး ဆုံးပါးသွားရတာ… အိလှိုင်လေးကို ငယ်ငယ်လေးကတည်းက အိခိုင်ကပဲ ကြည့်ရှုစောင့်ရှောက်လာတာ… အိခိုင်က အိလှိုင်လေးကို သိပ်ချစ်တာ… အိလှိုင်လေးလည်း ဆုံးသွားတော့… အိခိုင်လဲ သမီးငယ်လေးစိတ်နဲ့ အခုအချိန်အထိ သမီးငယ်လေးရှိသေးတယ် ဆိုတဲ့စိတ်ဝင်ပြီး နေ့စဉ်လှုပ်ရှားမှုတွေက မပြောင်းလဲတော့ဘူး… ဒါပေမယ့် အရူးတော့ လုံးဝဖြစ်မသွားတာ ကံကောင်းတယ်ပြောရမှာပေါ့ကွယ်… ဒါပေမယ့်… အိလှိုင်ရှိနေသေးတယ်ဆိုပြီး စိတ္တဇဖြစ်သွားတယ် အဲဒီအချိန်ကတည်းကပါပဲကွယ်… ဦးတို့လည်း ဆရာဝန်အမျိုးမျိုး နည်း အမျိုးမျိုးနဲ့ ကုပါသေးတယ်… ဒါပေမယ့် ဘာမှ ထူးခြားမလာပဲ… ဒီအခြေအနေမှာပဲ တန့်နေတယ်ကွယ်… ” လို့ ပြောရင်းနဲ့ မျက်ရည်တွေကျလာကြတယ်…
ကျွန်တော်လည်း ရုတ်တရက် ဒီလို သတင်းတွေကြားရတော့ ယုံတောင်မယုံနိုင်ဘူးဗျာ… ကျွန်တော် ချစ်တဲ့ကောင်မလေးအတွက် ကျွန်တော်တကယ်ခံစားရတယ်… သူ့အဖေအမေလိုက်ပြလို့ သူ့အခန်းပေါက်ဝကနေ သူ့ကို ရပ်ကြည့်မိတော့… wheel chair လေးဘေးမှာ ဆောင့်ကြောင့်ထိုင်ပြီး စကားတွေတတွတ်တွတ်ပြောနေတဲ့ သူလေးကို စိတ်မကောင်းစွာတွေ့ရတယ်… ကျွန်တော် ဆက်မကြည့်ရက်တော့တာနဲ့ အားလုံးကို နှုတ်ဆက်ပြီး အိမ်ပြန်လာခဲ့လိုက်တယ်… ရုံးကိုလည်းနောက်နေ့မှရှင်းပြလိုက်တော့မယ်ဆိုပြီး ခေါက်ထားလိုက်တယ်…
နောက်နေ့မနက်မှာလည်း သူလေးကို ကျွန်တော် တွေ့နေကြ ဘတ်စ်ဂိတ်မှာပဲ တွေ့ဖြစ်တယ်… သူလေးက ထုံးစံအတိုင်း ကျွန်တော်ကို မြင်လည်း မမြင်ဘူး ဂရုလည်း မစိုက်ဘူး… အရင်နေ့တွေတုန်းကလည်း ကျွန်တော့်ဘက်က စပြီး နှုတ်ဆက်လို့သာ… ကျွန်တော်တို့ နှစ်ယောက် စကားပြောဖြစ်ကြတာလေ… ဒီနေ့လည်း ကျွန်တော် စကားသွားပြောဖို့ ခြေလှမ်းပြင်မိလိုက်သေးတယ်… ဒါပေမယ့် ကျွန်တော် သူလေးရဲ့  ဘ၀ကို အတင်းဝင်ရောက် မနှောက်ယှက်ချင်ဘူး… သူပျော်သလိုသာနေပါစေဆိုပြီး ထားလိုက်တယ်… နောက်ဆက်လာတဲ့ရက်တွေမှာလည်း သူလေးက ကျွန်တော်ကို ဂရုမစိုက်ခဲ့ဘူး… ကျွန်တော်ကသာ နေ့တိုင်း သူလေးကို အကဲခတ်နေရတာ…
ကျွန်တော် စဉ်းစားမိတယ်… သူလေးက ကျွန်တော်ရှိနေတာရောသိရဲ့ လားပေါ့… သိမယ်မထင်ပါဘူး… ကျွန်တော် သူ့ကို ချစ်စကားပြောဖို့ကိုလည်း ၀န်လေးသွားမိတယ်… ကျွန်တော့်ကို သူရဲဘောကြောင်တယ်ပြောချင်ပြောကြပါ… ဒါပေမယ့် ကျွန်တော့်ကို ရှိမှန်းတောင်မသိတဲ့ လူတယောက်ကို ကျွန်တော် ဘယ်လို အချစ်မျိုးနဲ့ ဆက်ချစ်ရမှန်းမသိသေးဘူး… ကျွန်တော်လည်း အချစ်ရေးမှာ အဲလောက်အထိ မချစ်တတ်သေးလို့ နေမှာပါလေ… ဘာပဲဖြစ်ဖြစ်ကျွန်တော် သူလေးဘ၀အတွက် တဒင်္ဂတော့ မျက်ရည်ကျ မိတယ်… ကိုယ်ချင်းစာမိပြီး ၀မ်းနည်း လွန်းလို့ပါဗျာ… ကိုယ်အချစ်ဆုံးလူတယောက် ဆုံးရှုံးလိုက်ရတဲ့ အဖြစ်က တော်တော် ရင်နာဖို့ကောင်းပါတယ်…
April fool နေ့မှာ တွေ့မိတဲ့ ကျွန်တော့်ရဲ့  သူလေးကို ကျွန်တော် ရူးရူးမူးမူးချစ်မိခဲ့ပြီး ကျွန်တော်သိလိုက်ရတာက… ကျွန်တော်ရဲ့  သူလေးကလည်း အရူးတပိုင်းဖြစ်နေတာကိုပဲလေ… ကျွန်တော့်ကို ဘာလို့များ ကံကြမ္မာက April fool နေ့မှာ လာနောက်ရတာလဲဗျာ…. တွေးမိတိုင်း April fool နေ့ကို စိတ်နာမိတယ်… ကျွန်တော့်ရဲ့  သူလေးကို ကျွန်တော် စိတ်မပြတ်နိုင်ခင်အထိ နေ့စဉ် ဘတ်စ်ဂိတ်လေးမှာပဲ စောင့်ကြည့်နေမိတယ်… နှစ်လပြည့်တဲ့နေ့မှာ… သူလေးကို ကျွန်တော် မတွေ့ရတော့ဘူး… သင်တန်းပြီးသွားလို့ လို့ပဲ ကျွန်တော်ထင်ပါတယ်… ဒါပေမယ့် ကျွန်တော် မေ့လည်း မမေ့နိုင်သလို ဆုံဆည်းဖို့ လည်း မကြိုးစားဝံ့ခဲ့ဘူး… ဒီထက်ဆိုးတဲ့ ကံကြမ္မာ တွေ ကျွန်တော့်ဆီရော … သူလေးဆီပါ ထပ်ရောက် ၀င်မနှောက်ယှက်ဖို့ ကျွန်တော် အမြဲဆုတောင်းနေမိပါတယ်…
.....................................................................
အားလုံးကို ကျေးဇူးတင်ပါတယ်...
comment လေးတွေချန်ခဲ့ပေးပါနော်....

Saturday, April 17, 2010

ကျွန်တော့်ရဲ့  သူလေး (၁)


-->
ဒီနေ့ april foolနေ့လေ… ကျွန်တော် အလုပ်သွားရမယ်… စောင့်နေကျဘတ်စ်ကားဂိတ်မှာ ရပ်စောင့်နေရင်းနဲ့ ဟိုဟိုဒီဒီကြည့်ဖြစ်တယ်… ဘာရယ်တော့မဟုတ်ပါဘူး… ကျွန်တော်က ကောင်မလေးချောချောလေးတွေကို ကြည့်ရတာကြိုက်တယ် သူတို့ရဲ့  အလှက ရဿမြောက်တယ်… ဒီတော့ အားလုံးသိလောက်ပြီ… ကျွန်တော့်မှာ ရည်းစားမရှိသေးဘူး… အလှကြိုက်တဲ့ ကျွန်တော် ရွေးရခက်နေတာပေါ့ဗျာ…
ရောက်တက်ရာရာစဉ်းစားနေရင်း… ဒီဘက်စ်ကားဂိတ်ကို လာဖို့ လမ်းကူးနေတဲ့ ကောင်မလေးတယောက်စီ မျက်စိရောက်သွားတယ်… သူကလည်းအလှတမျိုးပဲ… ဒါပေမယ့် သူ့အလှက မဟာဆန်တာတို့ ကဗျာဆန်တာတို့ မဟုတ်ဘူး… ရိုးရှင်းတဲ့ အလှ လမ်းလျှောက်ပုံကလည်း နွဲ့နောင်းတာလည်းမဟုတ် ကပျာကယာလည်းမဟုတ်… အေးဆေးလွန်းတယ်… တည်ငြိမ်တဲ့ အလှပိုင်ရှင်လေးတယောက်ပေါ့… အနီးနားမှာလာရပ်တော့ သူ့မျက်နှာလေးသေချာကြည့်မိတယ်… အလွန်ဆုံးရှိလှ ၂၀လောက်ပဲ… ကျွန်တော့်ထက်တော့ ၅နှစ်လောက်ငယ်လိမ့်မယ်…
သူ့မျက်နှာလေးက ကလေးလေးတယောက်လို ရိုးရှင်းပြီး အပြစ်ကင်းစင်တယ်… ဒီလိုမျက်နှာမျိုးမှာ အပူအပင် သောက မောဟတွေ တွေ့နိုင်ဖို့ ခဲယဉ်းလိမ့်မယ်… လောကကြီးကို လုံးဝဂရုမစိုက်ပဲ… ကိုယ့်ကမ္ဘာလေးထဲမှာ နေနေတဲ့ပုံပဲ… ဘက်စ်ကားလာတဲ့ဘက်ကိုပဲ တစိုက်မတ်မတ်မျှော်ကြည့်နေတယ်… သူ့ပုံလေးကို ကျွန်တော် တဖြည်းဖြည်း အသည်းယားလာတယ်… တော်တော်လေးချစ်ဖို့ကောင်းတဲ့ ကလေးမလေးဗျာ…
ကျွန်တော်စီးရမယ့် ဘတ်စ်ကားလာတော့ ကျွန်တော်တက်သွားလိုက်တယ်… အဲဒီကောင်မလေးလည်း တက်လာတာတွေ့ရတယ်… ကျွန်တော့်အတွက်တော့ သူ့ရဲ့  ချစ်စရာကောင်းမှုကို ရှုစားချိန်ပိုရတာပေါ့… ကျွန်တော့်အကြည့်တွေ သူ့မျက်နှာလေးကနေ မခွာဖြစ်တော့ဘူး… သူကတော့ မသိတာလား… မသိချင်ယောင်ဆောင်နေတာလား မပြောတတ်… ပြတင်းအပြင်ကိုပဲ ငေးနေတယ်…
ကျွန်တော့်အလုပ်ရှိရာ မှတ်တိုင်ရောက်တော့ ကျွန်တော် သူ့ဆီကနေ မျက်လုံးမနဲခွာပြီး ဆင်းခဲ့လိုက်တယ်… ဟော ဘတ်စ်ကားဘက်လှည့်ကြည့်လိုက်တော့မှ… ကလေးမလေးကလဲ ဒီမှတ်တိုင်မှာ ဆင်းတာပဲ… ဒါနဲ့ ကျွန်တော်လည်း သူ့အကြောင်းသိလိုဇောနဲ့ အလုပ်နောက်ကျမှာ မမှုပဲ ကောင်မလေးနောက်လိုက်သွားမိတယ်… ဘက်စ်ကားဂိတ်ကနေ နဲနဲ လမ်းလျှောက်ပြီးရင်ရောက်တဲ့ language သင်တန်းတစ်ခုထဲ ကောင်မလေး ၀င်သွားတာတွေ့ရတယ်… ကျွန်တော် သူသွားတဲ့နေရာကို သိပြီးနောက် ရုံးကို အပြေးတပိုင်းရောက်လာခဲ့တယ်… တော်သေးတာပေါ့… ကျွန်တော့် အထက်အရာရှိက ဒီနေ့ ခွင့်ယူထားတော့ ကျွန်တော့်ကို ဆူမယ့်လူမရှိဘူး… ကံကြမ္မာက ကျွန်တော့်ကို သူလေးနဲ့ ဆုံအောင်ဖန်တီးပေးတာလားတော့ မသိပါဘူးဗျာ…
ကျွန်တော်နောက်နေ့ မနက်လဲ ဘက်စ်ကားဂိတ်မှာ သူလေးကို ထပ်တွေ့ပြန်တယ်… ထုံးစံအတိုင်း လောကကြီးကို ဂရုမစိုက်ပဲ… ဘတ်စ်ကားလာရာဘက်ကိုပဲ ငေးနေတယ်… ဒီလိုနဲ့ ဆက်လာတဲ့ ရက်တွေမှာ သူလေးရဲ့ အလှကို ငေးမောရတာ ကျွန်တော်အတွက် အလုပ်တစ်ခုဖြစ်လာတယ်… တခြားကောင်မလေးတွေရဲ့  အလှတွေကိုတောင် အရင်တုန်းကလို ဂရုမပြုမိတော့ဘူး…
သင်္ကြန်ရုံးပိတ်တော့ ကျွန်တော် သူလေးကို တော်တော်လွမ်းနေမိတယ်… ကျွန်တော် ဘယ်လောက်ထိသူ့ကို စွဲလမ်းလဲဆိုတော့… အရင်ကလို သူငယ်ချင်းတွေနဲ့ ရေပက်ခံ မထွက်တော့ပဲ အိမ်နားတ၀ိုက်မှာ သူလေးကို လိုက်ရှာမိတယ်… သူနဲ့ ဘတ်စ်ကားစီးတဲ့ ဂိတ်ချင်းတူတယ်ဆိုတော့ အိမ်လဲ တူမှာပဲ ဆိုတဲ့ အတွေးနဲ့ပေါ့… သင်္ကြန်အတက်နေမှာ ကျွန်တော်ရူးသွားပုံများ… သင်္ကြန်မှာ သူတို့ သင်တန်းများဖွင့်မလားဆိုပြီး… သူလေးနဲ့ ဆုံနေကြ ဘတ်စ်ကားဂိတ်ကို ဆုံနေကြအချိန်အတိုင်းသွားဖြစ်တယ်… ပြန်တွေးကြည့်မှ တော်တော်ရူးတာပဲဆိုပြီး… ကိုယ့်ကိုကိုယ် လှောင်ရယ်မိတယ်…
ရုံးပြန်တက်တဲ့ နေ့မှာ ကျွန်တော် ရင်ခုန်စွာ ဘတ်စ်ကားဂိတ်ကို ချီတက်လာခဲ့တယ်… ကျွန်တော်မျှော်လင့်တဲ့ အတိုင်းပဲ သူလေး ဘတ်စ်စောင့်နေတယ်… ထုံးစံအတိုင် ချစ်စရာကောင်းနေတုန်းပဲ… ကျွန်တော် ရုတ်တရက် စိတ်ကူးရသွားပြီး… ဒီနေ့ သူလေးရဲ့  နာမည်ကိုတော့ သိအောင်လုပ်မယ်ဆိုပြီး ဆုံးဖြတ်ချက်ချလိုက်တယ်… ဒါနဲ့ ဆင်းရမယ့် မှတ်တိုင်ရောက်တော့ ဘတ်စ်ကားပေါ်ကဆင်းတာနဲ့ ကျွန်တော် သူလေးကို အလျင်စလို ကျော်တက်သလိုလိုနဲ့ ၀င်တိုက်မိအောင် ဂွင်စင်လိုက်တယ်…
ကျွန်တော်ဝင်တိုက်သွားတာတောင် စိတ်မဆိုးရှာတဲ့ သူလေးက ကျသွားတဲ့ပစ္စည်းတွေ ထိုင်ကောက်နေတယ်… ကျွန်တော်လည်း လိုက်ထိုင်ကောက်ပေးရင် “ဆောရီးနော်”လို့ ပြောတော့ သူက “အင်း” တစ်လုံးပဲ ပြန်ပြောတယ်… ဒါနဲ့ ကျွန်တော်လည်း “နာမည်ဘယ်လို ခေါ်လဲ မသိဘူး” လို့ မေးလိုက်တော့ သူကကျွန်တော့်ကို တချက်ကလေးတောင်မော့မကြည့်ပဲ “အိခိုင်” လို့ ပဲ ပြန်ဖြေတယ်ဗျ… အသံလေးက တကယ့် ကလေးလေးသံ ပြီးတော့ ချိုချိုသာသာနဲ့ အေးအေးဆေးဆေးလေး… ကျွန်တော်ကဆက်ပြီး… “နောက်လမ်းမှာ တွေ့ရင် နှုတ်ဆက်လို့ရလား” လို့ မေးလိုက်တော့လည်း… သူက “အင်း” တစ်လုံးပဲ ထပ်ဖြေပြန်တယ်… ပြီးနောက် သူ့လမ်းသူဆက်လျှောက်သွားတယ်… ကျွန်တော်လည်း သူ့ကိုငေးပြီးကျန်ခဲ့တာပေါ့….
နောက်နေ့ ဘတ်စ်ကားဂိတ်မှာထပ်တွေ့တော့ နှုတ်ဆက်ဖြစ်တယ်… သူကလည်း စကားပြန်ပြောပါတယ်… ဒါပေမယ့် သိပ်ပြီး လှိုက်လှိုက်လှဲလှဲ မဟုတ်လှဘူး… အေးအေးဆေးဆေးလေးပဲ… ဒါကိုက သူ့ရဲ့ စတိုင်လေ… ဒီလိုနဲ့ ကျွန်တော်တို့ နှစ်ယောက် တဖြည်းဖြည်းချင်း ခင်လာကြတယ်… သူနဲ့ နေ့လည်ဖက် အအေးလေးဘာလေးသောက်ဖို့ တခါတခါ ချိန်းဖြစ်တယ်… ချိန်းလိုက်တိုင်း သူက မြန်မြန်ပြန်ရမယ် ဆိုတာချည်းပဲ… သူ့ညီမလေးကို ထိန်းဖို့တဲ့… ဒါနဲ့ သူဘယ်မှာနေလည်းမေးကြည့်တော့ ဘတ်စ်ကားဂိတ်နဲ့ တော်တော်လှမ်းတဲ့ လမ်းကြားလေးထဲက တိုက်မှာတဲ့…. ကျွန်တော်က အားရင် လာလည်မယ် ရမလားလို့ မေးကြည့်တော့ အေးအေးဆေးဆေးနဲ့ “အင်း” တလုံးပဲပြောတယ်…
ကျွန်တော်တို့ခင်လာတာ… ဘာလိုလိုနဲ့ နှစ်လလောက်ရှိပေမယ့်… သူကတော့ ကျွန်တော့်အပေါ် အေးစက်စက် ဆက်ဆံတုန်းပဲ… ကျွန်တော် သူနဲ့ သူငယ်ချင်းအဖြစ်နဲ့ မရောင့်ရဲတော့ဘူး… အမှန်အတိုင်းပြောရရင် သူရဲ့  နုညံ့တဲ့ လက်ကလေးကို ကိုင်ထားချင်တယ်… သူ့ပုခုံးလေးကို ဖက်ပြီး လမ်းလျှောက်ချင်တယ်… သူ့ရဲ့ ချိုသာတဲ့ ချစ်တယ်ဆိုတဲ့ စကားသံလေးတွေ ကြားချင်တယ်… သူ့ကိုအမြဲစိတ်ချမ်းသာအောင် ဖြည့်ဆည်းပေးချင်တယ်… ဒါပေမယ့် သူက စိတ်ချမ်းသာပုံမပေါက်သလို… စိတ်ဆင်းရဲပုံလဲမပေါက်ပါဘူး… တခါတလေ စဉ်းစားမိတယ် သူလေးမှာ ခံစားချက်ရောရှိရဲ့ လားပေါ့… ဒီမေးခွန်းကို အဖြေရဖို့ ကြံဆောင်ရမှာကလည်း ကျွန်တော်ပဲလေ… ဒါနဲ့ ကျွန်တော် သူလေးကို ချစ်နေတဲ့ အကြောင်းဖွင့်ပြောသင့်ပြီလို့ ဆုံးဖြတ်လိုက်တယ်…
...........................
ဆက်ရန်.....

Tuesday, March 23, 2010

နှလုံးသားချင်းရင်းနှီးချင်တယ် (၃) ဇာတ်သိမ်းပိုင်း....


-->
လင်းလင်းတယောက်လဲ မန္တလေးမှာ ဆေးကျောင်းတက် ဘွဲ့ရပြီးနောက် အမေရိကားထွက်ပြီး ပညာဆက်သင်ဖို့ စိတ်ကူးနဲ့ စကောလာလျှောက်ထားတာ ကံကောင်းစွာနဲ့ စကောလာရပြီးနောက် သူမရည်းမှန်းချက်အောင်မြင်တဲ့ ဂုဏ်ယူမှုနဲ့ အမေရိကားမှာ ဆေးပညာဆက်လေ့လာခဲ့တယ်… အဲဒီမှာဘွဲ့ရပြီးနောက် သူမ အမေရိကားမှာပဲ အခြေချပြီး သူမ တတ်ထားတဲ့ ပညာနဲ့ အသက်မွေးဝမ်းကြောင်းပြုခဲ့တယ်… ဒီအချိန်မှာ သူမအရမ်းအောင်မြင်နေပြီ… သူမကို ချစ်ခွင့်ပန်ထားတဲ့ သူမနဲ့အမေရိကားမှာဆေးပညာအတူတူလေ့လာနေတဲ့ သူမဘက်က အစ်ကိုလိုသာ သဘောထားတဲ့ အောင်မိုး ဆိုတဲ့ သူငယ်ချင်းဆရာဝန်နဲ့ သူမတို့ကို မိဘတွေကသဘောတူနေပြီဖြစ်ပေမယ့်…့ သူမရင်ထဲမှာ ငယ်ချစ်ဦး ထွန်းမင်းကို အခုချိန်ထိမေ့လို့မရသေးဘူး… အခုဆိုရင် သူတို့ နှစ်ယောက် အဆက်အသွယ်ပြတ်ခဲ့တာ ၁၀နှစ်တောင်ကျော်ခဲ့ပြီပေါ့… သူမအသက်လဲ ၂၇ နှစ်ရှိခဲ့ပြီ… သူမတွေးမိတာက ထွန်းမင်းတယောက်လဲ အိမ်ထောင်ပြုပြီးလောက်ရောပေါ့…

လင်းလင်းနဲ့ အောင်မိုးတို့ အနေနီးခဲ့ပေမယ့် လင်းလင်း အောင်မိုးအပေါ်မှာ အစ်တယောက်ထက်ပိုပြီး တွေးကြည့် ခံစာကြည့်လို့မရခဲ့ဘူး… အခုဆိုသူမနဲ့ အောင်မိုးတို့ ဆင်ခြေဖုံးဒေသတစ်ခုက ဆေးရုံမှာ အတူတူအလုပ်ဝင်ကြတယ်… တနေ့ လင်းလင်းတို့ ဆေးရုံကို သွေးထွက်လွန်နေတဲ့ ကိုယ်ဝန်ဆောင်သည် အရေးပေါ်လူနာတယောက် ညဘက်၁၁နာရီလောက်ကြီးရောက်လာတယ်… အဲဒီနေ့ လင်းလင်းကလည်းနိုက်ဂျူတီရှိတာနဲ့ အဲဒီလူနာကို သူအပါအ၀င် ဆရာဝန်၃ယောက်လောက် မနည်းအသက်ကယ်လိုက်ရတယ်… သူခွဲစိတ်ခန်းထဲကထွက်လာတော့ အပြင်မှာထိုင်နေပြီး လူနာစောင့်နေတဲ့လူက တိုက်ဆိုင်စွာ ထွန်းမင်းဖြစ်နေတယ်… ထွန်းမင်းကသူ့ကို မမြင်ပဲ… စိတ်ပူနေတဲ့မျက်နှာနဲ့ မျက်စိမှိတ်ပြီး ဆုတောင်းနေပုံရတယ်… ဒါနဲ့ သွားနှုတ်ဆက်ဖို့ ချီတုန်ချတုန်ဖြစ်နေတုန်း… ကျန်ဆရာဝန်၂ယောက်ထဲက တယောက်က ထွန်းမင်းအနားကို လောလောကတ်သွားပြီး… မိခင်ရောကလေးပါ… အခြေအနေကောင်းကြောင်း စိတ်ပူဖို့မလိုကြောင်း… ကလေးကယောက်ျားလေးဖြစ်ကြောင်းပြောနေတော့… လင်းလင်းသဘောပေါက်လိုက်ပြီ… သူမတွေးထင်မိတဲ့အတိုင်း ထွန်းမင်းတယောက် အိမ်ထောင်ကျသွားခဲ့ပြီ… ဒါနဲ့ သူမထိန်းနိုင်ပဲ စီးကျလာတဲ့ မျက်ရည်များကို လက်ဖမိုးနဲ့ ကမန်းကတမ်းသုတ်ပစ်ရင်း အပြေးတပိုင်းနဲ့ သူမနားနေခန်းထဲ သူမပြန်လာခဲ့တယ်…

ရုံးခန်းထဲမှာ သူမကိုသူမ တည်ငြိမ်အောင်ကြိုးစားရင်း သူမဆုံးဖြတ်ချက်တစ်ခုချမိလိုက်တယ်… ထွန်းမင်းတောင်သူမကိုမေ့ပြီး တခြားတယောက်နဲ့ အိမ်ထောင်ပြုလိုက်ပြီး ကလေးတောင်ရနေပြီပဲ… ငါလည်း ငါ့လမ်းငါသွားဖို့ အချိန်တန်နေပြီလို့ စိတ်ဆုံးဖြတ်လိုက်ပြီး… အောင်မိုးဆီ ချက်ချင်းဖုန်းကောက်ဆက်ပြီး လက်ထပ်ခွင့်တောင်းထားတာကို အဖြေပေးလိုက်တယ်… သူမ ဒီအဖြေနဲ့ ပတ်သက်လို့ နောင်တရမှုမရှိအောင် ကြိုးစားတယ်… ဒါပေမယ့် သူမ ထွန်းမင်းအကြောင်းပဲ တွေးတွေးမိနေတယ်… ထွန်းမင်းကို တွေ့ခဲ့တာ ၁လကျော်တောင်ရှိသွားပေမယ့် သူ့ရဲ့  ပုံရိပ်တွေကို သူမခေါင်းထဲက ထုတ်ပစ်လို့ မရသေးဘူ… ဟုတ်တယ် ထွန်းမင်းအရင်ကလိုပဲ ရုပ်ရည် ချောမောတုန်းပဲ… ပိုပြီးရင့်ကျက်တည်ငြိမ်လာလို့ ပိုချောလာသယောင်ထင်ရတယ်… ဒါပေမယ့် သူမအဲဒါတွေတွေးမိတိုင်း သူမကိုသူမ အပြစ်တင်တယ် မကျေနပ်ဘူး… မယားရှိတဲ့ ယောက်ျားတယောက်ကို စိတ်ကူးယဉ်တာအတွက် သူမဘာသာသူမရှက်မိတယ်…

ဒီနေ့သူမ အချိန်ပိုဆင်းနေရတယ်… ည၈နာရီလောက် အလုပ်ပြီးသွားတော့ ပင်ပန်းလာလို့ ဘတ်စ်ကားမစောင့်ချင်တော့တာနဲ့ တိုက်စီနဲ့ပဲပြန်ဖို့ စိတ်ကူးလိုက်တယ်... အရင်ဆုံးလာတဲ့ တိုက်စီပေါ် တက်ပြီး သွားမယ့်နေရာမပြောရသေးခင်မှာပဲ… သူမနာမည်ကို အံ့သြစွာခေါ်လိုက်တဲ့အသံကြားရတယ်… ကြည့်လိုက်တော့ တိုက်စီမောင်းတဲ့လူက ထွန်းမင်းဖြစ်နေတယ်… သူမလည်းအံ့အားသင့်သွားပြီး သူ့ကိုနာကျင်တဲ့စိတ်ကိုမေ့သွားကာ “ကိုထွန်းမင်း”လို့ ၀မ်းသာအားရခေါ်လိုက်မိတယ်… ဒါဟာ သူတို့နှစ်ယောက် တယောက်နာမည်တယောက် ပထမဆုံးအကြိမ်နေနဲ့ နှုတ်ကဖွင့်ခေါ်ဖူးကြခြင်းပဲ… လင်းလင်းရင်ခုန်သွားတယ်… ဒါပေမယ့် လင်းလင်းရုတ်တရက် ပြန်သတိရသွားတာက ထွန်းမင်းမှာ မယားနဲ့ သားနဲ့ ရှိနေပြီဆိုတာပဲ… ဒါကြောင့်သူမကိုသူမ ပြန်ထိန်းပြီး… ထွန်းမင်းကို ဘယ်ကနေဘယ်လိုဒီရောက်နေကြောင်းစမေးမိတယ်… ထွန်းမင်းကလည်း… သူရန်ကုန်ပြန်ရောက်ပြီး လင်းလင်းကို မတွေ့တော့တာနဲ့ သင်္ဘောလိုက်ရင်းကနေ အဆက်အသွယ်နဲ့ အမေရိကားကို ရောက်လာကြောင်း… အခုသူ မနက်ပိုင်းမှာ ရုံးဝန်ထမ်းလုပ်ပြီး ညပိုင်းမှာ တိုက်စီငှားပြီး မောင်းရင်း အပိုဝင်ငွေရှာကြောင်းပြောပြတယ်… လင်းလင်းကောက်ချက်ချမိတာက သူ့မိသားစုကို တော်တော်ချစ်ရှာမှာပဲလို့ပေါ့….

ဒါနဲ့ လင်းလင်းက စကားလမ်းကြောင်းစပြီး… အိမ်ထောင်တွေဘာတွေကျနေပြီလားလို့ မေးတော့ ထွန်းမင်းက မရှိသေးကြောင်း ပြုံးရွှင်စွာ ပြန်ဖြေတာ တွေ့တော့… လင်းလင်း သူ့ကို စက်ဆုပ်သွားမိတယ်… မယားနဲ့ သားမျက်နှာမှ မငဲ့ပဲ ညာတဲ့ အတွက်ကြောင့်ပေါ့… ဒါနဲ့ လင်းလင်းဒေါသထွက်သွားပြီး မခံချင်တာနဲ့ သူအရင်လက ဆေးရုံမှာတွေ့ခဲ့တဲ့ အဖြစ်အပျက်ကို ပြောပြပြီး ဆက်မလိမ်ဖို့ ပြောတဲ့အခါ… ထွန်းမင်းကနေ… လင်းလင်းအထင်လွဲနေပြီဖြစ်ကြောင်း ပြောပြတယ်… အဲဒီကိုယ်ဝန်ဆောင် အမျိုးသမီးကို မိုးသည်းသည်းထဲမှာ သူ့ကားနဲ့ တိုက်မိတဲ့အတွက် ဆေးရုံခေါ်လာပြရကြောင်း… တခုခုဖြစ်ခဲ့လျှင် တရားခံကသူပဲမို့ အရမ်းစိတ်ပူခဲ့ရကြောင်း သူမကို ပြန်ရှင်းပြတယ်…

သူရှင်းပြလို့ပြီးတော့ ကားက လင်းလင်းတို့ တိုက်ရှေ့ရောက်နေပြီ… လင်းလင်းလဲ… ထွန်းမင်းအိမ်ထောင်မကျသေးကြောင်းသိလိုက်ရတော့ ပျော်သွားတယ်…ထွန်းမင်းကိုလဲ သူ့အိမ်အောက်က စားသောက်ဆိုင်ထဲခေါ်ပြီး စကားဆက်ပြောကြတယ်… ထွန်းမင်းက အဲဒီနေရာမှာပဲ… လင်းလင်းကို သူချစ်နေရတယ်ဆိုတဲ့ မိန်းကလေးက လင်းလင်းဖြစ်ကြောင်း ဖွင့်ပြောပြီး… လင်းလင်းကို ချက်ချင်းလက်ထပ်ခွင့်တောင်းလိုက်တယ်… ဒါပေမယ့် လင်းလင်းက အောင်မိုးကိုလက်ထပ်ခွင့်ပေးပြီးပြီ ဖြစ်ကြောင်းပြောလိုက်တော့… လင်းလင်း စိတ်ပြောင်းသွားရင် သူ့ကို အသိပေးပါ ဒါမှမဟုတ် မင်္ဂလာဆောင်တဲ့ အခါသူ့ကို ဖိတ်ပါဆိုပြီး… ထွန်းမင်းတယောက်လိပ်စာကတ်ထားခဲ့ပြီး… စိတ်ဓာတ်ကျစွာနဲ့ ဆိုင်က ထွက်လာခဲ့တယ်…

လင်းလင်း နောင်တတွေရနေပြီ… အောင်မိုးကိုလဲ အားနာတယ်… ထွန်းမင်းကိုလဲ သူချစ်တယ်… ဒီတော့ သူတစ်ခုဆုံးဖြတ်လိုက်တယ်… အကယ်၍ ထွန်းမင်းကို သူမ ဦးနှောက်နဲ့ တွေးပြီး လက်ခံနိုင်တဲ့ အခြေအနေရှိတယ်ဆိုရင်… သူမ အရဲစွန့်ပြီး သူမ နှလုံးသားနဲ့မဟုတ်ပဲ ဦးနှောက်သက်သက်နဲ့ ရွေးခဲ့တဲ့ အောင်မိုးကို ဖွင့်ပြောပြီး တောင်းပန်ရတော့မယ်… သူမထွန်းမင်းပေးတဲ့ လိပ်စာကတ်အတိုင်း သွားပြီး… ထွန်းမင်းရဲ့  အကြောင်းကို လက်လှမ်းမှီသလောက် စုံစမ်းခဲ့တယ်… ထွန်းမင်းရဲ့  ရုံးကိုလည်းသွားပြီး ထွန်းမင်းမသိအောင် စုံစမ်းခဲ့တယ်… အားလုံးစုံစမ်းပြီးနောက် ထွန်းမင်းကို သူမ နှလုံးသားနဲ့ရော ဦးနှောက်နဲ့ပါ လက်ခံနိုင်မှန်းသိလာခဲ့တယ်…

ဒါနဲ့ သူမ အောင်မိုးကို သူမဖြစ်ရပ်စုံကို ရှေ့မျက်နှာနောက်ထားပြီး ပြောပြတောင်းပန်ခဲ့တယ်… အောင်မိုးကလည်း မခံချင်ဖြစ်ပေမယ့် ပညာရှိ လူကြီးလူကောင်းပီပီ… သူမကို စာနာနားလည်ပေးခဲ့တယ်… ဒီလိုနဲ့ သူမ ထွန်းမင်းဆီ ဖုန်းဆက်ပြီး အိမ်အောက်က စားသောက်ဆိုင်မှာပဲ ညနေဘက်တွေ့ဖို့ ချိန်းလိုက်တယ်… ထွန်းမင်းအပြုံးမျက်နှာနဲ့ ဆိုင်ထဲဝင်လာတာကို လင်းလင်းပြုံးကြည့်နေရင်း တွေးမိတာက ဖူးစာမှန်ရင် ပြန်ဆုံကြတာပဲလေ… ထွန်းမင်းက ပျော်ရွှင်စရာ အဖြေလားလို့ မေးတော့… လင်းလင်းကနေ…
“အစ်ကို ညီမတို့ စိတ်ချင်းရော လူချင်းရော ရင်နှီးခဲ့ကြပြီးပြီ… ဒီအချိန်ကစပြီး နှလုံးသားချင်း တဘ၀လုံး ရင်းနှီးသွားကြရအောင်နော်…” လို့ ပြောလိုက်တော့ ထွန်းမင်းခမျာသေမတတ်ပျော်သွားပြီး လင်းလင်းကို တင်းတင်းကြပ်ကြပ်ဖက်ထားလိုက်မိတယ်… ထွန်းမင်းကနေ…
“ညီမအနားက အစ်ကိုဘယ်တော့မှထွက်မသွားတော့ဘူး… တသက်လုံးညီမအနားမှာပဲ ခင်ပွန်းကောင်းတယောက်နေနဲ့ ကြင်နာ စောင့်ရှောက်သွားမယ်…” ပြောပြီး နှစ်ယောက်လုံး အပျော်ကြီးပျော်ပြီး ကမ္ဘာလောကကြီးကို မေ့သွားကြတယ်…
.......................................................
အချိန်ပေးပြီး ဖတ်ပေးတဲ့ မိတ်ဆွေ အားလုံးကို ကျေးဇူးတင်ပါတယ်.....
ကွန်မန့် လေးတွေ အမှတ်တရချန်ခဲ့ပေးပါနော်...

Monday, March 22, 2010

နှလုံးသားချင်းရင်းနှီးချင်တယ် (၂)


-->
ထွန်းမင်းနဲ့ လင်းလင်းတို့ ဒီလိုအကြည့်ချင်း စကားပြောနေကြပေမယ့်… သူတို့ တကယ်တမ်းအပြင်မှာတယောက်နဲ့ တယောက်စကားပြောဖူးကြတာမဟုတ်ဘူး… ထွန်းမင်းက ဒီလိုတယောက်ခံစားချက် တယောက်မသိတာတော့ မကောင်းသေးဘူးဆိုပြီး… သူလင်းလင်းအတွက် မိတ်ဆက်စာတစောင် စရေးတယ်… ရေးပြီးသူ့သူငယ်ချင်းရဲ့  ညီမကနေတဆင့် လင်းလင်းကို ပေးလိုက်တယ်… လင်းလင်းဖတ်ပြီးနောက် ရယ်ချင်သွားတယ်… ဘာလို့လဲ ဆိုတော့ ထွန်းမင်းရေးထားပုံက…

“သို့/- ညီမ… အစ်ကို့နာမည် ထွန်းမင်းပါ… အစ်ကိုနဲ့ ညီမ တွေ့တွေ့နေတာ နှစ်ဝက်လောက်တော့ရှိပြီနော်… ဒါပေမယ့် မျက်လုံးချင်းသာရင်းနှီးနေတယ်… လူချင်းမရင်းနှီးသေးဘူးဖြစ်နေတယ်… အဲဒါ ဘယ်လိုလုပ်ရင်ကောင်းမလဲ… အစ်ကိုနည်းလမ်း ရှာမရတာနဲ့ ညီမဆီအကူအညီ လှမ်းတောင်းတာ… နည်းလမ်းရှာတွေ့ရင် ချက်ချင်းစာကောက်ပြန်လိုက်ပါနော်…”
ဒီတော့ လူချင်းရင်းနှီးဖို့ လင်းလင်းကပဲ ကြံဆောင်ပေးရမလိုဖြစ်နေပြီ… ဒါနဲ့ လင်းလင်းကမဖြစ်သေးဘူးဆိုပြီး… ချက်ချင်းစာပြန်လိုက်တယ်…
“သို့/- အစ်ကို… ညီမ အမြင်နဲ့ပြောရရင် လူချင်းမရင်းနှီးခင် စိတ်ချင်းရင်းနှီးအောင် အရင်လုပ်တာကောင်းမယ်လို့ထင်တယ်… ဒီတော့ စာအဆက်အသွယ်နဲ့ပဲ ညီမတို့ခင်မင်ကြရအောင်…”

အဲဒီစာကို ထွန်းမင်းသူငယ်ချင်းရဲ့  ညီမလေးနဲ့ပဲ တဆင့်ပေးလိုက်တယ်… ထွန်းမင်းကလဲ လင်းလင်းရဲ့  အကြံကို လက်ခံပြီး… စာအဆက်အသွယ်နဲ့ ရင်းနှီးလာကြတာ ဒီလိုနဲ့ တယောက်အကြောင်းတယောက် နောကြေနေပြီ… ဒါပေမယ့် လင်းလင်းက လူချင်းရင်းနှီးဖို့ ကို ကန့်ကွက်နေတုန်းပဲ… ထွန်းမင်းကလည်း လင်းလင်းရဲ့  ဆုံးဖြတ်ချက်ကို တန်ဖိုးထားပြီး အတင်းအကြပ် မတိုက်တွန်းတော့ဘူး… တဖက်မှာလဲ ထွန်းမင်းရဲ့  မိဘတွေနဲ့ လင်းလင်းရဲ့  မိဘများကလည်း… အိမ်နီးချင်းတွေပီပီ အဝင်အထွက်ရှိနေကြတော့ လင်းလင်းက ဒီကိစ္စကို မိဘတွေနားမပေါက်ကြားစေချင်ဘူးလေ…

တနေ့ လင်းလင်းအိမ်မှာရှိနေတုန်း ထွန်းမင်းတို့အမေ လင်းလင်းတို့ အိမ်ကိုလာလည်တယ်… ဒီလိုပဲ တခါတလေ လာလည်နေကြလေ… လင်းလင်းက ကိုယ့်အခန်းထဲမှာကိုယ်နေပေမယ့်… အပြင်ကပြောတဲ့ စကားတွေကို အတိုင်းသားကြားနေရတယ်… လင်းလင်းအံ့သြသွားတဲ့စကားက ထွန်းမင်းအမေက လင်းလင်းအမေကို… “အစ်မ… ကျွန်မသား ထွန်းမင်းကိုသိတယ် မဟုတ်လား… သူက အစ်မရဲ့  သမီးလင်းလင်းကို ချစ်နေတယ်တဲ့… ကျွန်မနဲ့ ကျွန်မသားသမီးတွေက ဒီလိုကိစ္စတွေဆိုရင် ပွင့်ပွင့် လင်းလင်းပဲ… ဒါမှ မမှားသင့်တာ မမှားရအောင် အချိန်မှီထိန်းသိမ်းလို့ရမှာ…”… လင်းလင်းအမေကလည်း ရုတ်တရက်မို့ အံ့သြသွားပြီး… “သြော်… ဟုတ်လား… သမီးကတော့ ငယ်ပါသေးတယ်… သူကစာပဲကြိုးစားနေတာဆိုတော့ သူ့ရည်မှန်းချက်ပြည့်မှပဲ အချစ်ရေးကို စဉ်းစားလိမ့်မယ်ထင်ပါတယ်… ဒါနဲ့ ညီမအမျိုးသားဆီက ကျွန်မအမျိုးသားတောင်းထားတဲ့စာအုပ် ပြန်ပေးခိုင်းထားတယ်…” ဆိုပြီး… ထွန်းမင်းအမေ ပြောတဲ့ စကားကိုပိတ်လိုက်ပြီး တခြားစကားလွှဲလိုက်တယ်…

လင်းလင်း သူမကို ထွန်းမင်းချစ်နေတယ်ဆိုတဲ့ စကားကြားပြီးနောက်… လင်းလင်းအရမ်းရင်ခုန်သွားပြီး ပျော်သွားတယ်… ဒါပေမယ့် အဲဒီအပျော်က တစ်နာရီတောင်မခံလိုက်ပါဘူး… ထွန်းမင်းအမေပြန်သွားပြီး လင်းလင်းရဲ့  အဖေနဲ့အမေပြောနေတဲ့ စကားသံတွေကြားမှာပျောက်ကွယ်သွားတယ်… လင်းလင်းရဲ့ အမေက လင်းလင်းရဲ့  အဖေကို… “ခုနက… မဝေလာသွားတယ်… သူ့သားထွန်းမင်းက ကျွန်မတို့သမီးကို ချစ်နေတယ်တဲ့တော့…”လို့ပြောတော့ လင်းလင်းအဖေကနေ…“အဲဒါအဆန်းလား... လူပျိုပဲ အပျိုတယောက်ကို ချစ်ခွင့်ရှိတာပဲ…”…ဆိုတော့ လင်းလင်းအမေကပြန်ပြီး… “ရှင်ကလည်း…အဲဒီကောင်လေးက ရုပ်ကလေးသာရည်ရည်မွန်မွန်ရှိတာ… ဘွဲ့က Physics နဲ့ပဲပြီးထားတာလေ… ကျွန်မက ကျွန်မတို့သမီးကို ဆရာဝန်ကတော် အရာရှိကတော်ပဲလုပ်စေချင်တာတော့…”….

လင်းလင်းအဖေက ထပ်ပြီး… “ခင်ကလည်း… ကျုပ်တို့သမီးက ကတော်လုပ်ရမှ ဂုဏ်ရှိမျက်နှာရှိမှာမဟုတ်ဘူးလေ… သူကိုယ်တိုင်က ဆရာဝန်မကြီးဖြစ်ဖို့ ကြိုးစားနေတာခင်လည်းသိသားနဲ့”…လို့ ဆိုလာတော့… လင်းလင်းအမေက “ဘာပဲဖြစ်ဖြစ် ကိုယ့်သားသမီးကို တန်းတူရည်တူပညာဂုဏ်ချင်းတူတဲ့လူနဲ့ပဲ တွဲစေချင်တာမိဘတိုင်းရဲ့  ဆန္ဒပဲရှင်…” လို့ပြန်ပြီးပြောလိုက်တယ်…

ဒီမှာလင်းလင်းစိတ်ထဲ ရှင်းရှင်းသိလိုက်ရတာက… သူ့မိဘတွေက သူ့ကိုထွန်းမင်းနဲ့ တွဲရင်သဘောမတူမှာပဲ… ဒါပေမယ့် လင်းလင်းလဲ ထွန်းမင်းကိုချစ်နေပြီ… လုံးဝမေ့ပစ်လို့မရတော့မှန်း သူမသိတယ်… အချိန်တန်ရင် ကံတရားအတိုင်းဖြစ်လာမှာပဲဆိုပြီး… မှေးပြီးနေလာခဲ့လိုက်တာ… လင်းလင်းနဲ့ထွန်းမင်းတို့နှစ်ယောက် စာအဆက်အသွယ်နဲ့ပဲရင်းနှီးလာတာ ၂နှစ်နီးပါးတောင်ရှိလာပြီ… လင်းလင်းလဲ ထွန်းမင်းကချစ်တယ်လို့ ဖွင့်မပြောသေးပေမယ့်… ထွန်းမင်းက လင်းလင်းကိုချစ်တာသိနေသလို… ထွန်းမင်းကလဲ လင်းလင်းသူ့အပေါ် ဂရုစိုက်တာ သံယောဇဉ်ရှိတာတွေသိနေတယ်...

နောက်ပိုင်း ထွန်းမင်းရဲ့ စာတွေထဲမှာ ဝမ်းနည်းမှုတွေပါလာတာတွေ့ရတယ်…သူချစ်တဲ့ကောင်မလေးရဲ့  မိဘက သူ့လိုအညတရကို လက်မခံချင်လို့ သူကြိုးစားမှဖြစ်တော့မယ် ဆိုတာတွေလဲပါလာတယ်… သူချစ်တဲ့ကောင်မလေးဆိုတာ ဘယ်သူလဲလို့ ထွန်းမင်း တခါမှမပြောသလို… လင်းလင်းလဲ တခါမှမမေးခဲ့ဘူး… သူအဲဒီကောင်မလေးနဲ့နီးဖို့ နိုင်ငံခြားထွက်ပြီး ကြိုးစားဖို့စိတ်ကူးထားကြောင်း… ပြောလာတယ်… လင်းလင်းလဲ အံ့အားသင့်သွားပြီး… ထွန်းမင်းကို မသွားဖို့ တားချင်သေးတယ်… ဒါပေမယ့် ထွန်းမင်းရဲ့  တက်လမ်းကိုမတားဆီးချင်တာနဲ့ မပြောဖြစ်ပဲ… ညည အခန်းထဲမှာ တယောက်ထဲ မျက်ရည် ကျကျ နေမိတယ်…

ဒီလိုနဲ့ လင်းလင်းနဲ့ ထွန်းမင်းတို့ အဆက်အသွယ် ပြတ်သွားတယ်ဆိုပါတော့… ထွန်းမင်းကတော့ ပြောခဲ့တယ်… သူ နှစ်နှစ်လောက်နေရင် ပြန်လာမယ်တဲ့… ဒါပေမယ့်… နှစ်နှစ်မပြည့်ခင်မှာပဲ… လင်းလင်းရဲ့  အဖေတာဝန်နဲ့ နယ်ပြောင်းရတယ်… မန္တလေးကိုလေ… ဒီတော့ လင်းလင်းလဲ မန္တလေးမှာပဲ ဆေးကျောင်းတက်ရတော့မယ်… ထွန်းမင်းပြန်အလာကို စောင့်နေမယ်ဆိုတဲ့ ကတိကိုလည်း သူမ မထိန်းနိုင်တော့ဘူး… သူမဘ၀ကို သူမပိုင်တာမှမဟုတ်ပဲ… သူမ မိဘသွားရာကို လိုက်ရတော့မှာပေါ့… ပြီးတော့ ထွန်းမင်းပြောတဲ့ သူချစ်တဲ့ကောင်မလေးဆိုတာ… သူမ ဟုတ်ချင်မှ ဟုတ်မှာပါဆိုပြီး တွေးမိလာတယ်…

သူမ မန္တလေးကို ပြောင်းသွားပြီး တစ်နှစ် အကြာမှာ ထွန်းမင်း ရန်ကုန်ကို ပြန်ရောက်လာခဲ့တယ်… ဒါပေမယ့် သူအရမ်းတွေ့ချင်တဲ့ လင်းလင်းနဲ့ မတွေ့ရတော့ဘူးလေ… သူနိုင်ငံခြားသွားတာလဲ ဘာမှထူးခြားမှုမရှိလာခဲ့ဘူး… ရရတာနဲ့ သုံးတာကာမိရုံလောက်ပဲမို့ အတွေ့အကြုံကလွဲလို့ သူဘာမှမစုဆောင်းမိခဲ့ဘူး… သူလင်းလင်းနဲ့ မနီးစပ်နိုင်တဲ့အဆုံး… သူရခဲ့တဲ့ အတွေ့ အကြုံနဲ့ပဲ အရင်းအနှီးလုပ်ပြီး နိုင်ငံခြားထပ်ထွက်လာခဲ့တယ်… သူ့ဘ၀ကိုလဲ အလုပ်ထဲမှာပဲ မြုံပ်နှံထားခဲ့တယ်…

..........................................
ဆက်ရန်.....
ကွန်မန့်လေးတွေထားခဲ့ပြီး... ထင်မြင်ချက်လေးတွေ ဝေဖန်မှုလေးတွေလုပ်ပေးပါဦး...