Tuesday, October 15, 2019

နေ့အိမ်မက်သစ်

မင်္ဂလာပါ။

ပြန်တွေ့ရတာ ဝမ်းသာပါတယ်။ အားလုံး ကျန်းမာပျော်ရွှင်ကြပါရဲ့လား။

ယမာတစ်ယောက် လွန်ခဲ့တဲ့ ၉ နှစ်လောက်ကစပြီး Kpop လောကထဲ ဝင်ပြီးနောက် Blog ကနေ ပျောက်ချက်သား ကောင်းသွားခဲ့တယ်။ 2013 လောက်မှ စာပြန်စရေးဖြစ်တယ်။ ဒါပေမယ့် blog ပေါ်တော့ ပြန်ရောက်မလာ ဖြစ်ခဲ့ဘူး။ ပြောရရင် အဲ့ကမှစပြီး ဝတ္ထုတွေကို ကိုယ်ရေးတတ်သလောက် အတည်တကျ ရေးဖြစ်ခဲ့တာပေါ့။

ရေးဖို့ motivation ကလည်း Kpop ကပဲ ရခဲ့တာ။ ဘာလို့ဆို ကိုယ်ရေးတာ Kpop Fanfic တွေလေ။ တစ်ပိုင်းရေးတယ်၊ တင်တယ်၊ အားပေးမှုတွေ ရလာတယ်၊ ပျော်ရတယ်၊ ဆက်ရေးဖို့ ခွန်အားတွေ ဖြစ်လာတယ်။ ဒီလိုနဲ့ပဲ နှစ်နှစ်လောက် အကြာမှာ စာမျက်နှာ ၂၇၀ လောက် ရှိတဲ့ ဇာတ်လမ်းရှည်တစ်ပုဒ်ကို အပြီး ရေးနိုင်ခဲ့တယ်။

အဲ့နောက်ပိုင်း ဆက်တိုက်ရေးလာလိုက်တာ Kpop Fanfic တွေ တစ်ပုဒ်ပြီး တစ်ပုဒ်ပေါ့။ တပိုင်းတစနဲ့ ဆက်မရေးတတ်တော့ပဲ ရပ်ထားခဲ့တဲ့ ဇာတ်လမ်းတွေ ရှိခဲ့သလို အပြီးထိ ရေးနိုင်ခဲ့တဲ့ ဇာတ်လမ်းတို၊ ဇာတ်လမ်းရှည် တွေဟာလည်း ၁၀ ပုဒ်လောက် ရှိခဲ့တယ်။

ဒါတွေဟာ ဒီ ၆ နှစ်တာမှာ Blog ပေါ် ရောက်မလာခဲ့သော်လည်း ယမာတစ်ယောက် စာရေးခြင်းနဲ့ ပတ်သက်ပြီး အလုပ်ရှုပ်နေခဲ့ရခြင်း အကြောင်းပေါ့။

အခု ယမာ့ အတွေးထဲမှာ Plan နှစ်ခု ရှိနေတယ်။

  1. တစ်ခုက ကိုယ်ရေးထားခဲ့တဲ့ Fanfic တွေကို Kpop နဲ့ မရင်းနှီးတဲ့ သူတွေပါ ဖတ်လို့ ရအောင် ပြန်ပြောင်းရေးသား ကြည့်ချင်တယ်။ ဘာလို့ဆို ယမာ့ သူငယ်ချင်းတချို့ကပြောတယ်။ နင်ရေးတာတွေ ငါတို့ ဖတ်ချင်ပေမယ့်လည်း ကိုရီးယား နာမည်တွေ တွေ့လိုက်တာနဲ့တင် ခေါင်းရှုပ်ပြီး မဖတ်နိုင်တော့ဘူးတဲ့လေ။ အဲ့တော့ ယမာက Kpop idol တွေလည်း ပျောက်သွားစရာမလိုပဲ Kpop နဲ့ မရင်းနှီးတဲ့ လူတွေလည်း ဖတ်လို့ရအောင် ပြန်ရေးကြည့်မယ်။
  2. နောက်တစ်ခုက အသစ်အသစ်တွေ ရေးမယ်။ Kpop Fanfic တွေပဲ ရေးနေခဲ့တော့ ကိုယ့်ကိုယ်ကို မေးခွန်းတစ်ခု မေးမိတယ်။ ငါလေးဟာ Kpop idol တွေမပါတဲ့ ရိုးရိုး ပုံမှန် ဝတ္ထုတွေရော ရေးတတ်သေးရဲ့လားလို့။ ကြိုးစားကြည့်မှ သိမယ်လေ။ ဟုတ်တယ်မလား။


ယမာ စိတ်ကူးတွေ ဆက်ယဉ်မယ်။ အိမ်မက်အဟောင်းတွေကို အသက်ပြန်သွင်းမယ်။ နောက်ထပ် အိမ်မက် အသစ်အသစ်တွေ ဆက်မက်မယ်။ ယမာ့ရဲ့ အိမ်မက်တွေနဲ့ စိတ်ကူးတွေကို စာသားတွေအနေနဲ့ ချရေး အကောင်အထည်ဖော်သွားမယ်။

ယမာနဲ့ အတူ နေ့အိမ်မက်အဟောင်းလေးတွေကိုရော၊ နေ့အိမ်မက်သစ်လေးတွေကိုရော အတူခံစား ဖတ်ရှုပေးကြပါဦးလို့ တောင်းဆိုပါရစေ။



Yamin Ohmar
15 Oct 2019
9:40PM (GMT+8 Time)

No comments: