Wednesday, September 29, 2010

ဒဿန Vs. လက်တွေ့  (၄) ခွင့်လွှတ်သင့်လား


-->
တခါတလေ တွေးမိတယ် လူတွေ အမှားလုပ်တတ်ကြတဲ့ အကြောင်းလေ… လူကြီးတွေ ပြောနေကျ ကတော့ “အမည်းစက်ဆိုတာ ဖျတ်လို့မရဘူး” တဲ့… ဒါပေမယ့် မမှားသော ရှေ့နေ… မသေသော ဆေးသမားဆိုသလို … လူတိုင်းက မှားဖူးကြတာချည်းပါပဲ… ကိုယ့်ဘက်က အဲဒီရဲ့  အမှားကို လက်ခံနိုင်လား လက်မခံနိုင်ဘူးလား… ခွင့်လွှတ်မှာလား စွဲမှတ်ထားပြီး ခွင့်မလွှတ်နိုင်တော့ဘူးလား… တကယ်ပဲ အမှားဆိုတဲ့ အမည်းစက်ဟာ ဖျောက်ဖျက် ပစ်လို့ မရဘူးလား…
အမှားတွေက အလွန်ကျယ်ပြန့်ပါတယ်… အမျိုးအစားပေါင်းများစွာလဲ ရှိပါတယ်… ပြစ်မှုကြီးတွေ ကျူးလွန်ထားတဲ့ ထောင်ထွက်လူတွေ အတွက်တောင် Yellow Ribbon ဆိုပြီး ပြုပြင်ရေး အစီအစဉ်တွေ စိတ်ဓာတ် လေ့ကျင့်ရေးတွေရှိတာပဲ… သူတို့တွေကို လူတောပြန်တိုးနိုင်အောင် စီစဉ်ပေးတာတွေပေါ့… ဒါပေမယ့် လူတွေမှာ ခွဲခြားတတ်တဲ့ ညဉ်တစ်ခုတော့ရှိတယ်…(ကြုံတုန်းပြောတာ… ) ပြစ်မှုကျူးလွန်တာခြင်းအတူတူ လူတွေက မဒိန်းမှုကျူးလွန်တဲ့ လူတွေကို လူသတ်သမားတွေထက်တောင် ပိုပြီး ကြောက်ကြ ရွံရှာကြတယ်… ဒီတော့ အမည်းစက်ခြင်းတင်တာတောင် တချို့  အမည်းစက်တွေက ပိုကြီးတယ်… တချို့  အမည်းစက်တွေက တကယ်ကို ပြန်ဖျက်လို့ မရတော့တာပါ…
အခုပြောမှာက အမည်းစက် အသေးလေးတွေ အတွက်ပေါ့… ဆိုလိုတာက တရားဥပဒေဆိုင်ရာ အမည်းစက်မဟုတ်တာလေးတွေပေါ့… ကိုယ့်အပေါ် တယောက်ယောက်က အမှားလုပ်လို့ ကိုယ်က အရမ်းနာကျည်းရတယ် ဒါပေမယ့် စိတ်ဆိုး နာကျည်းနေရုံနဲ့ မပြီးဘူး ခွင့်လွှတ်သင့်မသင့်လည်း ဆုံးဖြတ်ဖို့ လိုလာတယ် ဒီလို အခါမျိုးမှာဆိုရင် ထည့်သွင်းစဉ်းစားသင့်တဲ့ အချက်တွေကို သိသလောက် ပြောပြချင်ပါတယ်…
နံပါတ် (၁)
တစ်ခါခိုးဖူးတဲ့ လူကို နောက်တခါလည်း ခိုးဦးမှာပဲ.. သူခိုးပဲ ဆိုပြီး လူတွေက တေးမှတ်ထားတတ်ကြပါတယ်… ဘာကြောင့်ခိုးတာလည်း ဆိုတာကို သိပ်ပြီး စိတ်ထဲ မထားတတ်ကြပါဘူး… တော်ရုံလည်း မသိချင်ကြပါဘူး… အခုဒီအမှားကို လုပ်ဖူးရင် နောက်လည်း ဒီအမှားကို ထပ်လုပ်ဖို့ ၀န်လေးမှာ မဟုတ်တော့ဘူးလို့ မှတ်ယူတတ်ကြပါတယ်… အမှန်တကယ်က အကြောင်းတရားထက် အဲဒီ အကြောင်းတရားကို ဖြစ်စေတဲ့ အကျိုးတရားက ပိုပြီး ချက်ကျတဲ့ နေရာပါ… အဲဒီ လူတစ်ယောက် ဘာကြောင့်ဒီအမှားကို ပြုရတယ် ဆိုတာကို သိအောင် အရင် လုပ်ပြီးမှ… အဲဒီလူကို ခွင့်လွှတ်သင့်မသင့် ဆုံးဖြတ်ရင် ပိုပြီး အဓိပါယ်ရှိတာပေါ့… ဒီတော့ ပြောချင်တာက… ခွင့်လွှတ်သင့်မသင့် ဆုံးဖြတ်ရင် အဲဒီလူ ဒီအမှားကို ဘာကြောင့်လုပ်ရတာလည်း ဆိုတာ အရင်ဆုံး ထည့်သွင်း စဉ်းစားပေါ့နော်…
နံပါတ်(၂)
သူအမှားလုပ်ရတဲ့ အကြောင်းရင်းနဲ့ ရည်ရွယ်ချက်ကို သိပြီး ချင့်ချိန်ပြီးလို့တောင်မှ… ကိုယ်က သူ့ကို ဒီအတွက် ခွင့်မလွှတ်နိုင်သေးဘူးဆိုရင်… နောက်တစ်ဆင့်တက်ပြီး ဆုံးဖြတ်ရမှာက… သူလုပ်လိုက်တဲ့ အမှားက ကိုယ့်အတွက် (ဒါမှမဟုတ်) တစ်စုံတစ်ယောက်အတွက် ဘယ်လောက်များထိခိုက်နစ်နာသွားရလဲ ဆိုတာကို ထည့်သွင်းစဉ်းစားရမယ်… ဥပမာ ဒီလူလုပ်လိုက်တဲ့အမှားက စိတ်တော့ဆိုးစရာပဲ… ဒါပေမယ့် သူ့ကြောင့် ဘယ်လောက်မှ များများစားစား ထိခိုက်ဆုံးရှုံးမှု ဖြစ်မသွားခဲ့ဘူးဆိုရင်… ချစ်စကိုရှည်စေ…မုန်းစကို တိုစေဆိုသလို ခွင့်လွှတ်နားလည်ပေးသင့်တယ်လို့ ထင်ပါတယ်…
နံပါတ်(၃)
တကယ်လို့ သူက ထိခိုက်နစ်နာမှု များများစားစားပေးခဲ့လို့... သူ့ကို ခွင့်မလွှတ်နိုင်ဘူးဆိုရင်… နောက်ထပ် တစ်ဆင့်တက်ပြီး ထည့်သွင်းစဉ်းစားရမှာက သူ့ရဲ့  တာဝန်ယူတဲ့စိတ်ဓာတ်… သူ့ရဲ့  အမှားကို သူနောင်တရ ၀မ်းနည်းခြင်းရှိမရှိပေါ့… သူကသာ သူ့အမှားကို သူသိလို့ သူတာဝန်ယူပါမယ်… ဒါမှမဟုတ်… တာဝန်ယူလို့ မရတဲ့အမှားမျိုးဆိုရင်လည်း… သူတကယ် နောင်တရပြီး သူ့အမှားတွေကိုသူ ၀န်ချတောင်းပန်ခဲ့မယ်ဆိုရင်… သူ့စိတ်က တကယ်ကို လိုလိုလားလားနဲ့ နောက်မဖြစ်တော့အောင် ဂတိတွေအထပ်ထပ် ပေးနေမယ်ဆိုရင်တော့ ခွင့်လွှတ်ပေးဖို့ သင့်တယ်လို့ ထင်ပါတယ်… လူတိုင်းဟာ မှားတတ်ကြပါတယ်… သူဘက်ကလည်း ကိုယ်ချင်းစာမိလို့ ဒီလိုမျိုး အနူးအညွတ်တောင်းပန်နေတာပေါ့… မဟုတ်ဘူးလား… ကိုယ်သာဆိုရင်လည်း ဒီလောက်တောင် စိတ်ရင်းမှန်နဲ့ ၀န်ခံဂတိတွေပေးနေပြီးရင် သူများက ကိုယ့်အပေါ်ကျေအေးပေးတာပဲ လိုချင်မှာပေါ့… ဒီလိုလေး ကိုယ်ချင်းပြန်စာပေးသင့်တယ်လို့ ထင်ပါတယ်… မဟုတ်ရင်… ဒေါသဖြစ်နေရတဲ့ ကိုယ်တို့ပဲ ဆက်ပြီး စိတ်ဆင်းရဲနေကြရမှာပေါ့…
နံပါတ်(၄)
ဒီလို အထက်က အဆင့်၃ဆင့်လုံးကို ထည့်သွင်းစဉ်းစားပြီးကာမှ ကိုယ့်ဘက်က မကြေအေးနိုင်သေးဘူး ခွင့်မလွှတ်ပေးနိုင်သေးဘူးဆိုရင်… နောက်ဆုံးအဆင့်အနေနဲ့… ကိုယ့်ကိုယ်ကို ပြန်မေးလိုက်ပါ… “ငါသူ့ကို ခွင့်မလွှတ်ပဲနဲ့ တသက်လုံးနေသွားနိုင်မှာလား…” ပြီးရင် ကိုယ့်ဘာကိုယ် ပြန်ဖြေတဲ့အဖြေက မတင်မကျနဲ့… “တသက်လုံးတော့ နေမသွားနိုင်ဘူး… ဒါပေမယ့် ခဏတဖြုတ်တော့ ဆက်ပြီး မကြေအေးပဲ ထားလိုက်ဦးမယ်” ဆိုတဲ့ အဖြေမျိုးရလာရင်… မလုပ်ပါနဲ့… ဒီအတွေးကို ဖျောက်လိုက်ပါ… ဘာလို့လဲဆိုတော့ ကိုယ်သူ့ကို စိတ်ဆိုးပြေတဲ့အခါ ခွင့်လွှတ်လိုက်တဲ့အခါကျရင် အချိန်နှောင်းသွားနိုင်တယ်… ဒါကြောင့် တစ်သက်လုံး စိတ်ဆိုးမနေနိုင်ဘူးဆိုရင်… အခုလည်း စိတ်ဆိုးမနေပါနဲ့တော့...
နံပါတ်(၅)
ဒါမှမဟုတ်… သူ့ရဲ့  အမှားက ကြီးမားလွန်းလို့ ခွင့်မလွှတ်သင့်တော့ဘူး ဆိုရင်တော့… ခွင့်လွှတ်စရာမလိုပါဘူး… ဒါပေမယ့် ကိုယ့်ဘာကိုယ် အပင်ပန်းခံပြီး သူ့ကို စိတ်ဆိုးမနေပါနဲ့တော့… သူ့ကို ကိုယ့်ဘ၀ထဲက ဆွဲဖတ်ပစ်လိုက်ပါ… ဖြစ်ခဲ့တဲ့ အကြောင်းတွေနဲ့ သူနဲ့ ပတ်သက်သမျှကို တတ်နိုင်သလောက်ကြိုးစားမေ့ဖျောက်ပစ်လိုက်ပါလို့ အကြံပေးချင်ပါတယ်…
ယမမင်းလေးက ကိစ္စအသေးအဖွဲလေးတွေကိုတောင် စိတ်ဆိုးလွယ်ပြီး စိတ်ထိခိုက်လွယ်တယ်… ဒီတော့ ယမမင်းလေးရဲ့  ကိုယ်တွေ့တွေက အဆိုးဆုံးနံပါတ်(၄)အထိ ရောက်ဖူးပါတဲ့… နံပါတ်လေးမှာတင် ခွင့်လွှတ်လို့ ရသွားပြီး စိတ်ပင်ပန်းခြင်းလည်း ပျောက်သွားပါတယ်… နံပါတ်(၅) အဆင့်ကိုတော့ မကြုံဖူးသေးပါဘူး… သင်ခန်းစာရသမျှလေးတွေမျှဝေလိုက်တာပါ…
ရေးသူ = ယမင်းဥမ္မာ (ယမမင်းလေး)

Thursday, September 23, 2010

ဖိတ်ခေါ်မှု


-->
ဖိတ်ခေါ်မှု
အိမ်ရှင်မတစ်ယောက် အိမ်ထဲကနေထွက်လာတော့ မုတ်ဆိတ်ဖြူဖြူနဲ့ အဖိုးကြီး၃ယောက် သူမခြံရှေ့ မှာ ရပ်နေကြတာတွေ့ရတယ်… ဒါနဲ့ သူမလည်း သူတို့ကို မမြင်ဖူးပေမယ့်… “ကျွန်မရှင်တို့နဲ့ မဆုံဖူးဘူးထင်တယ်… ဒါပေမယ့် ရှင်တို့ကြည့်ရတာ ဆာနေပုံရတယ်… အိမ်ထဲဝင်ပြီး တစ်ခုခုစားသွားပါဦးလား” လို့ ဆိုကာ ဧည့်ဝတ်ပြုတယ်…
ဒါပေမယ့် သူတို့က “ဒီအိမ်ရဲ့  အိမ်ထောင်ဦးစီး အိမ်မှာရှိလား မသိဘူး” ဆိုပြီး မေးတော့ သူမက “သူမရှိဘူး… အပြင်ထွက်သွားတယ်”လို့ ပြန်ဖြေတဲ့အခါမှာ အဖိုးကြီး၃ယောက်က “ဒါဆို ကျွန်တော်တို့ ၀င်လာလို့ မရသေးဘူး” လို့ ပြောလိုက်တယ်…
ညနေပိုင်းလောက်မှာ သူမယောက်ျားပြန်လာတော့ နေ့လည်က ဘာဖြစ်ခဲ့လဲဆိုတာပြောပြလိုက်တယ်… ဒါနဲ့ ယောက်ျားလုပ်သူကလည်း “ငါအိမ်ပြန်ရောက်ပြီလို့ ပြောပြီး သူတို့ကို အထဲဝင်ဖို့ သွားပြန်ဖိတ်လိုက်ပါဦး…” လို့ ဆိုတာနဲ့… သူမက အဖိုးကြီး၃ယောက်ကို သွားပြန်ဖိတ်တယ်…
“ကျွန်တော်တို့က ၃ယောက်လုံးအိမ်ထဲမ၀င်ကြဘူး”လို့ ပြန်ပြောတော့ သူမက သိချင်ဇောနဲ့ “ဘာဖြစ်လို့လဲ” လို့ မေးတဲ့အခါ … အဖိုးကြီးတယောက်က “သူ့နာမည်က စည်းစိမ်” ဆိုပြီး နောက်အဖိုးကြီးတယောက်ကို ညွှန်ပြတယ်… ပြီးတော့ ကျန်အဖိုးကြီးတယောက်ကို ထပ်ညွှန်ပြပြီး “သူ့နာမည်ကတော့ အောင်မြင်မှု… ကျွန်တော့်နာမည်ကတော့ ချစ်ခြင်း လို့ခေါ်ပါတယ်… ဒီတော့ ကျွန်တော်တို့ ၃ယောက်ထဲက ဘယ်သူ့ကို ခေါ်မယ်ဆိုတာကို အိမ်ထဲပြန်ဝင်ပြီး ခင်ဗျားခင်ပွန်းနဲ့ ပြန်တိုင်ပင်ကြည့်လိုက်ပါဗျာ”လို့ ပြန်ဖြေလိုက်တယ်…
သူမလည်း အိမ်ထဲပြန်ဝင်သွားပြီး သူမယောက်ျားကို ဖြစ်ကြောင်းကုန်စင်ပြောပြလိုက်တဲ့အခါ သူမယောက်ျားက အလွန်ပျော်ရွှင်သွားပြီး… “ကောင်းလှချည်လား… သူတို့က ဒီလိုပြောလာမှတော့ စည်းစိမ်ကို ဖိတ်ခေါ်လိုက်ပါလား… ဒါဆို ငါတို့အိမ်မှာ စည်းစိမ်တွေတိုးလာမှာပေါ့ကွာ…” လို့ ဆိုတယ်…
ဒါပေမယ့် သူမက သဘောမတူဘူး… “မောင်ရယ် အောင်မြင်မှုကို ဖိတ်ခေါ်လိုက်ရင် မကောင်းဘူးလား” လို့အကြံပြုလိုက်တယ်… ဒီစကားတွေကို သူတို့ရဲ့  ချွေးမကလည်းနားထောင်နေတော့ သူမကလည်း ၀င်ပြီး “ချစ်ခြင်းကို ဖိတ်ခေါ်လိုက်ရင် ပိုမကောင်းဘူးလား… ကျွန်မတို့ အိမ်လေး ချစ်ခြင်းမေတ္တာတွေနဲ့ ပြည့်လျှံသွားတာပေါ့”… လို့ပြောလိုက်တယ်…
ဒါနဲ့ အိမ်ထောင်ဦးစီးဖြစ်တဲ့ ယောက်ျားကနေ သူ့မိန်းမကို “ငါတို့ ချွေးမရဲ့  အကြံကို ဦးစားပေးကြရအောင်ကွာ… ချစ်ခြင်းကိုပဲ ငါတို့ရဲ့  ဧည့်သည်အဖြစ် ဖိတ်ခေါ်လိုက်ရအောင်” လို့ စကားဆိုတယ်…
သူမလည်း အိမ်ပြင်ပြန်ထွက်ပြီး … “ချစ်ခြင်း … အိမ်ထဲကိုကြွပါ… ကျွန်မတို့ ဧည့်ဝတ်ပြုပါရစေ” လို့ ဖိတ်ခေါ်လိုက်တယ်… ချစ်ခြင်းကလည်း ထပြီး အိမ်ဆီကို လျှောက်သွားတယ်… ကျန်ခဲ့တဲ့ နှစ်ယောက်ကပါ ချစ်ခြင်းနောက်ကလိုက်ပြီး အိမ်ဆီကို လျှောက်လာကြတာမြင်တော့ သူမက အံ့သြသွားပြီး… “ကျွန်မက ချစ်ခြင်းကိုပဲဖိတ်တာ… ဘာလို့ အောင်မြင်မှုနဲ့ စည်းစိမ်ကပါ လိုက်လာတာလဲ” လို့မေးလိုက်တယ်…
ဒီအခါမှာ အဖိုးကြီး၃ယောက်က…
“အကယ်၍ သင်က စည်းစိမ် ဒါမှမဟုတ် အောင်မြင်မှု ကိုပဲ ဖိတ်ခေါ်ခဲ့မယ်ဆိုရင်… ကျန်နှစ်ယောက်က နေခဲ့မှာဖြစ်ပါတယ်… ဒါပေမယ့် ချစ်ခြင်းကို ဖိတ်ခေါ်တဲ့အခါမှာတော့ ချစ်ခြင်းဘယ်နေရာသွားသွား ကျွန်တော်တို့က လိုက်နေမှာပါပဲ… ချစ်ခြင်းရှိတဲ့နေရာမှာ စည်းစိမ်နဲ့ အောင်မြင်မှုလည်း အမြဲတမ်းရှိနေတယ်လေ…”
(ယမမင်းလေး ဘာသာပြန်သည်)

Wednesday, September 22, 2010

စစ်မှန်သောတန်ဖိုး

စစ်မှန်သောတန်ဖိုး
တစ်ခါက နာမည်ကြီး မိန့်ခွန်းပြောသူတယောက်က သူ့ရဲ့  ဟောပြောပွဲကို ဒေါ်လာ ၂၀တန်ကိုင်ပြီး “ဘယ်သူ ဒီဒေါ်လာ ၂၀တန်လိုချင်လဲ” လို့ မေးကာစတင်ခဲ့တယ်… ထိုအခါ … လူတိုင်းရဲ့ လက်တွေမိုးပေါ်ထောင်ပြီး လိုချင်ကြကြောင်းပြတယ်…
သူကထပ်ပြီး “ဒီဒေါ်လာ ၂၀တန်ကို ခင်ဗျားတို့ထဲက တယောက်ယောက်ကို ပေးမှာပါ… ဒါပေမယ့် ကျွန်တော်ကို ဒီလိုလုပ်ခွင့်တော့ ပြုဦး” ဆိုပြီး ဒေါ်လာ ၂၀တန်ကို လက်ထဲမှာ လုံးချေလိုက်တယ်… နောက်တော့ သူထပ်မေးတယ်… “ဒါကို ဘယ်သူလိုချင်သေးလဲ” တဲ့… လူတိုင်းရဲ့  လက်တွေမိုးပေါ်ထပ်မြှောက်ကြပြန်တယ်…
“ကောင်းပြီ”လို့ သူပြောလိုက်ပြီး “အကယ်၍ ကျွန်တော် ဒီလိုလုပ်လိုက်ရင်ကော” ဆိုကာ ဒေါ်လာ၂၀တန်ကို မြေကြီးပေါ်ပစ်ချပြီး ဖိနပ်နဲ့ နင်းချေလိုက်တယ်… ပြီးတော့ တွန့်ကြေညစ်ပတ်နေတဲ့ ဒေါ်လာ၂၀တန်ကို ကောက်ကိုင်လိုက်ပြီး “အခုရော ဘယ်သူလိုချင်သေးလဲ”လို့ ထပ်မေးပြန်တယ်… ပရိသတ်ရဲ့  လက်တွေကလည်း အရင်လို မိုးပေါ်ထပ်မြှောက်ကြပြန်ပါတယ်…
“ဒီတော့ မိတ်ဆွေတို့ အခု ခင်ဗျားတို့ အလွန်တန်ဖိုးရှိတဲ့ သင်ခန်းစာတစ်ခုရသွားကြပြီ… ကျွန်တော် ဒီပိုက်ဆံကို ဘယ်လိုပဲလုပ်လုပ် ခင်ဗျားတို့ လိုချင်ကြတယ်… ဘာလို့လဲ ဆိုတော့ ဒီပိုက်ဆံရဲ့  တန်ဖိုးက လျော့ကျမသွားလို့ပဲ… ဒေါ်လာ ၂၀တန်က ဒေါ်လာ၂၀တန်ဖိုးရှိတုန်းပဲ… ဒီလိုပဲ ကျွန်တော်တို့ ရဲ့  ဘ၀မှာလည်း ကျွန်တော်တို့ရဲ့  မှားယွင်းသွားတဲ့ ဆုံးဖြတ်ချက်တွေနဲ့ အခြေအနေအမျိုးမျိုးကြောင့် ကျွန်တော်တို့ ရှုံးနိမ့်ကြတယ်… အနင်းချေခံကြရတယ်… အရှုတ်ချခံကြရတယ်… ဒီအခါ ကျွန်တော်တို့က ကိုယ့်ကိုယ်ကို တန်ဖိုးမရှိတော့ဘူးလို့ စိတ်ဓာတ်ကျမိကြလိမ့်မယ်… ဒါပေမယ့် ကျွန်တော်တို့ ဘ၀ကြီး ဘာပဲ ဖြစ်သွားဖြစ်သွား ကျွန်တော်တို့ရဲ့  ကိုယ်ပိုင်တန်ဖိုးတွေက လျော့ကျသွားမှာ မဟုတ်ဘူး… အမြဲတမ်း လူတိုင်းက ကိုယ့်တန်ဖိုးနဲ့ကိုယ်ရှိကြပါတယ်… ဒါကို ဘယ်တော့မှ မမေ့ပါနဲ့…”
(ယမမင်းလေး ဘာသာပြန်သည်)