Showing posts with label Archives (Thoughts). Show all posts
Showing posts with label Archives (Thoughts). Show all posts

Wednesday, September 29, 2010

ဒဿန Vs. လက်တွေ့  (၄) ခွင့်လွှတ်သင့်လား


-->
တခါတလေ တွေးမိတယ် လူတွေ အမှားလုပ်တတ်ကြတဲ့ အကြောင်းလေ… လူကြီးတွေ ပြောနေကျ ကတော့ “အမည်းစက်ဆိုတာ ဖျတ်လို့မရဘူး” တဲ့… ဒါပေမယ့် မမှားသော ရှေ့နေ… မသေသော ဆေးသမားဆိုသလို … လူတိုင်းက မှားဖူးကြတာချည်းပါပဲ… ကိုယ့်ဘက်က အဲဒီရဲ့  အမှားကို လက်ခံနိုင်လား လက်မခံနိုင်ဘူးလား… ခွင့်လွှတ်မှာလား စွဲမှတ်ထားပြီး ခွင့်မလွှတ်နိုင်တော့ဘူးလား… တကယ်ပဲ အမှားဆိုတဲ့ အမည်းစက်ဟာ ဖျောက်ဖျက် ပစ်လို့ မရဘူးလား…
အမှားတွေက အလွန်ကျယ်ပြန့်ပါတယ်… အမျိုးအစားပေါင်းများစွာလဲ ရှိပါတယ်… ပြစ်မှုကြီးတွေ ကျူးလွန်ထားတဲ့ ထောင်ထွက်လူတွေ အတွက်တောင် Yellow Ribbon ဆိုပြီး ပြုပြင်ရေး အစီအစဉ်တွေ စိတ်ဓာတ် လေ့ကျင့်ရေးတွေရှိတာပဲ… သူတို့တွေကို လူတောပြန်တိုးနိုင်အောင် စီစဉ်ပေးတာတွေပေါ့… ဒါပေမယ့် လူတွေမှာ ခွဲခြားတတ်တဲ့ ညဉ်တစ်ခုတော့ရှိတယ်…(ကြုံတုန်းပြောတာ… ) ပြစ်မှုကျူးလွန်တာခြင်းအတူတူ လူတွေက မဒိန်းမှုကျူးလွန်တဲ့ လူတွေကို လူသတ်သမားတွေထက်တောင် ပိုပြီး ကြောက်ကြ ရွံရှာကြတယ်… ဒီတော့ အမည်းစက်ခြင်းတင်တာတောင် တချို့  အမည်းစက်တွေက ပိုကြီးတယ်… တချို့  အမည်းစက်တွေက တကယ်ကို ပြန်ဖျက်လို့ မရတော့တာပါ…
အခုပြောမှာက အမည်းစက် အသေးလေးတွေ အတွက်ပေါ့… ဆိုလိုတာက တရားဥပဒေဆိုင်ရာ အမည်းစက်မဟုတ်တာလေးတွေပေါ့… ကိုယ့်အပေါ် တယောက်ယောက်က အမှားလုပ်လို့ ကိုယ်က အရမ်းနာကျည်းရတယ် ဒါပေမယ့် စိတ်ဆိုး နာကျည်းနေရုံနဲ့ မပြီးဘူး ခွင့်လွှတ်သင့်မသင့်လည်း ဆုံးဖြတ်ဖို့ လိုလာတယ် ဒီလို အခါမျိုးမှာဆိုရင် ထည့်သွင်းစဉ်းစားသင့်တဲ့ အချက်တွေကို သိသလောက် ပြောပြချင်ပါတယ်…
နံပါတ် (၁)
တစ်ခါခိုးဖူးတဲ့ လူကို နောက်တခါလည်း ခိုးဦးမှာပဲ.. သူခိုးပဲ ဆိုပြီး လူတွေက တေးမှတ်ထားတတ်ကြပါတယ်… ဘာကြောင့်ခိုးတာလည်း ဆိုတာကို သိပ်ပြီး စိတ်ထဲ မထားတတ်ကြပါဘူး… တော်ရုံလည်း မသိချင်ကြပါဘူး… အခုဒီအမှားကို လုပ်ဖူးရင် နောက်လည်း ဒီအမှားကို ထပ်လုပ်ဖို့ ၀န်လေးမှာ မဟုတ်တော့ဘူးလို့ မှတ်ယူတတ်ကြပါတယ်… အမှန်တကယ်က အကြောင်းတရားထက် အဲဒီ အကြောင်းတရားကို ဖြစ်စေတဲ့ အကျိုးတရားက ပိုပြီး ချက်ကျတဲ့ နေရာပါ… အဲဒီ လူတစ်ယောက် ဘာကြောင့်ဒီအမှားကို ပြုရတယ် ဆိုတာကို သိအောင် အရင် လုပ်ပြီးမှ… အဲဒီလူကို ခွင့်လွှတ်သင့်မသင့် ဆုံးဖြတ်ရင် ပိုပြီး အဓိပါယ်ရှိတာပေါ့… ဒီတော့ ပြောချင်တာက… ခွင့်လွှတ်သင့်မသင့် ဆုံးဖြတ်ရင် အဲဒီလူ ဒီအမှားကို ဘာကြောင့်လုပ်ရတာလည်း ဆိုတာ အရင်ဆုံး ထည့်သွင်း စဉ်းစားပေါ့နော်…
နံပါတ်(၂)
သူအမှားလုပ်ရတဲ့ အကြောင်းရင်းနဲ့ ရည်ရွယ်ချက်ကို သိပြီး ချင့်ချိန်ပြီးလို့တောင်မှ… ကိုယ်က သူ့ကို ဒီအတွက် ခွင့်မလွှတ်နိုင်သေးဘူးဆိုရင်… နောက်တစ်ဆင့်တက်ပြီး ဆုံးဖြတ်ရမှာက… သူလုပ်လိုက်တဲ့ အမှားက ကိုယ့်အတွက် (ဒါမှမဟုတ်) တစ်စုံတစ်ယောက်အတွက် ဘယ်လောက်များထိခိုက်နစ်နာသွားရလဲ ဆိုတာကို ထည့်သွင်းစဉ်းစားရမယ်… ဥပမာ ဒီလူလုပ်လိုက်တဲ့အမှားက စိတ်တော့ဆိုးစရာပဲ… ဒါပေမယ့် သူ့ကြောင့် ဘယ်လောက်မှ များများစားစား ထိခိုက်ဆုံးရှုံးမှု ဖြစ်မသွားခဲ့ဘူးဆိုရင်… ချစ်စကိုရှည်စေ…မုန်းစကို တိုစေဆိုသလို ခွင့်လွှတ်နားလည်ပေးသင့်တယ်လို့ ထင်ပါတယ်…
နံပါတ်(၃)
တကယ်လို့ သူက ထိခိုက်နစ်နာမှု များများစားစားပေးခဲ့လို့... သူ့ကို ခွင့်မလွှတ်နိုင်ဘူးဆိုရင်… နောက်ထပ် တစ်ဆင့်တက်ပြီး ထည့်သွင်းစဉ်းစားရမှာက သူ့ရဲ့  တာဝန်ယူတဲ့စိတ်ဓာတ်… သူ့ရဲ့  အမှားကို သူနောင်တရ ၀မ်းနည်းခြင်းရှိမရှိပေါ့… သူကသာ သူ့အမှားကို သူသိလို့ သူတာဝန်ယူပါမယ်… ဒါမှမဟုတ်… တာဝန်ယူလို့ မရတဲ့အမှားမျိုးဆိုရင်လည်း… သူတကယ် နောင်တရပြီး သူ့အမှားတွေကိုသူ ၀န်ချတောင်းပန်ခဲ့မယ်ဆိုရင်… သူ့စိတ်က တကယ်ကို လိုလိုလားလားနဲ့ နောက်မဖြစ်တော့အောင် ဂတိတွေအထပ်ထပ် ပေးနေမယ်ဆိုရင်တော့ ခွင့်လွှတ်ပေးဖို့ သင့်တယ်လို့ ထင်ပါတယ်… လူတိုင်းဟာ မှားတတ်ကြပါတယ်… သူဘက်ကလည်း ကိုယ်ချင်းစာမိလို့ ဒီလိုမျိုး အနူးအညွတ်တောင်းပန်နေတာပေါ့… မဟုတ်ဘူးလား… ကိုယ်သာဆိုရင်လည်း ဒီလောက်တောင် စိတ်ရင်းမှန်နဲ့ ၀န်ခံဂတိတွေပေးနေပြီးရင် သူများက ကိုယ့်အပေါ်ကျေအေးပေးတာပဲ လိုချင်မှာပေါ့… ဒီလိုလေး ကိုယ်ချင်းပြန်စာပေးသင့်တယ်လို့ ထင်ပါတယ်… မဟုတ်ရင်… ဒေါသဖြစ်နေရတဲ့ ကိုယ်တို့ပဲ ဆက်ပြီး စိတ်ဆင်းရဲနေကြရမှာပေါ့…
နံပါတ်(၄)
ဒီလို အထက်က အဆင့်၃ဆင့်လုံးကို ထည့်သွင်းစဉ်းစားပြီးကာမှ ကိုယ့်ဘက်က မကြေအေးနိုင်သေးဘူး ခွင့်မလွှတ်ပေးနိုင်သေးဘူးဆိုရင်… နောက်ဆုံးအဆင့်အနေနဲ့… ကိုယ့်ကိုယ်ကို ပြန်မေးလိုက်ပါ… “ငါသူ့ကို ခွင့်မလွှတ်ပဲနဲ့ တသက်လုံးနေသွားနိုင်မှာလား…” ပြီးရင် ကိုယ့်ဘာကိုယ် ပြန်ဖြေတဲ့အဖြေက မတင်မကျနဲ့… “တသက်လုံးတော့ နေမသွားနိုင်ဘူး… ဒါပေမယ့် ခဏတဖြုတ်တော့ ဆက်ပြီး မကြေအေးပဲ ထားလိုက်ဦးမယ်” ဆိုတဲ့ အဖြေမျိုးရလာရင်… မလုပ်ပါနဲ့… ဒီအတွေးကို ဖျောက်လိုက်ပါ… ဘာလို့လဲဆိုတော့ ကိုယ်သူ့ကို စိတ်ဆိုးပြေတဲ့အခါ ခွင့်လွှတ်လိုက်တဲ့အခါကျရင် အချိန်နှောင်းသွားနိုင်တယ်… ဒါကြောင့် တစ်သက်လုံး စိတ်ဆိုးမနေနိုင်ဘူးဆိုရင်… အခုလည်း စိတ်ဆိုးမနေပါနဲ့တော့...
နံပါတ်(၅)
ဒါမှမဟုတ်… သူ့ရဲ့  အမှားက ကြီးမားလွန်းလို့ ခွင့်မလွှတ်သင့်တော့ဘူး ဆိုရင်တော့… ခွင့်လွှတ်စရာမလိုပါဘူး… ဒါပေမယ့် ကိုယ့်ဘာကိုယ် အပင်ပန်းခံပြီး သူ့ကို စိတ်ဆိုးမနေပါနဲ့တော့… သူ့ကို ကိုယ့်ဘ၀ထဲက ဆွဲဖတ်ပစ်လိုက်ပါ… ဖြစ်ခဲ့တဲ့ အကြောင်းတွေနဲ့ သူနဲ့ ပတ်သက်သမျှကို တတ်နိုင်သလောက်ကြိုးစားမေ့ဖျောက်ပစ်လိုက်ပါလို့ အကြံပေးချင်ပါတယ်…
ယမမင်းလေးက ကိစ္စအသေးအဖွဲလေးတွေကိုတောင် စိတ်ဆိုးလွယ်ပြီး စိတ်ထိခိုက်လွယ်တယ်… ဒီတော့ ယမမင်းလေးရဲ့  ကိုယ်တွေ့တွေက အဆိုးဆုံးနံပါတ်(၄)အထိ ရောက်ဖူးပါတဲ့… နံပါတ်လေးမှာတင် ခွင့်လွှတ်လို့ ရသွားပြီး စိတ်ပင်ပန်းခြင်းလည်း ပျောက်သွားပါတယ်… နံပါတ်(၅) အဆင့်ကိုတော့ မကြုံဖူးသေးပါဘူး… သင်ခန်းစာရသမျှလေးတွေမျှဝေလိုက်တာပါ…
ရေးသူ = ယမင်းဥမ္မာ (ယမမင်းလေး)

Wednesday, June 2, 2010

ဒဿန Vs. လက်တွေ့  (၃) ကိုယ့်ပုံစံနဲ့ ကိုယ်ပေါ့


-->
စဉ်းစားမိတယ်… လူတွေရဲ့  စရိုက်တွေ အပြုအမူတွေအကြာင်းပေါ့… “လူတယောက် စရိုက်တမျိုး” ဆိုပြီး ပြောကြပါတယ်... “လူတကိုယ် စိတ်တမျိုး” ဆိုပြီးလဲ ကြားနေကြပါပဲ… ပြောချင်တာက လူတယောက်နဲ့ တယောက် စရိုက်မတူဘူး… စိတ်ချင်းမတူဘူး… အကြိုက်ချင်း တို့ ဘာတို့ လဲ မတူကြဘူးလို့ပေါ့… ဒါပေမယ့် လူတယောက်မှာ စိတ်တို့ စရိုက်တို့ တမျိုးထဲပဲ ရှိမှာလား… အမျိုးမျိုးရော မရှိနိုင်ဘူးလာ… ပြီး တော့ ဘယ်လို အခြေအနေ အချိန်အခါတွေမှာ စရိုက် အမျိုးမျိုးရှိနိုင်တာလဲ… တမျိုးထဲရှိတာက ကောင်းလား… အမျိုးမျိုးရှိတာက ကောင်းလား…
အနီးဆုံး ဥပမာအနေနဲ့ ကိုယ့်ကိုယ်ကို ပြန်ကြည့်ကြည့်တော့… ကိုယ့်မှာလဲ စရိုက်အမျိုးမျိုးရှိတာတွေ့ရတယ်… သူငယ်ချင်းတွေကို လက်လှမ်းမှီသလောက် မေးကြည့်တော့ လဲ သူတို့မှာလဲ… စရိုက်အမျိုးအမျိုးရှိကြောင်းတွေ့ရတယ်… ဒါပေမယ့် လူတိုင်းတော့ မဟုတ်ဘူးပေါ့… သူငယ်ချင်းတယောက်ဆိုရင် (မိန်းကလေး)… သူက ဘယ်နေရာပဲ ရောက်ရောက် ဘယ်အချိန်မှာပဲ ဖြစ်ဖြစ် အမြဲ တက်ကြွပြီး ပေါတောတောနေတတ်တာ… သူစိတ်ညစ်တဲ့ အချိန်တွေကလွဲရင်ပေါ့… နောက်သူငယ်ချင်းတယောက်လဲ ရှိသေးတယ်… သူကတော့ ယောက်ျားလေး… သူ့ကြည့်လိုက်ရင် အမြဲတမ်းပျော်နေတာပဲ… အရာရာ ကို အကောင်းမြင်တတ်ပြီး စိတ်ညစ်တယ်ဆိုတာကို မရှိဘူး… သူ့ဘ၀လေးများသာယာလိုက်တာလို့ တခါတခါ တွေးမိတယ်… ဒါပေမယ့် သူကျန်တဲ့ အချိန်တွေမှာရော ဒီလို ပျော်ပျော်ပဲနေတာလား… ဒါမှမဟုတ် ဘယ်လိုလဲ…
လူတယောက်က သူ့ရဲ့  စရိုက်ကို ပြောင်းတဲ့ အချိန်က အမျိုးမျိုး ရှိပါတယ်… တွေ့နေကြကတော့ ဆက်ဆံရတဲ့ လူကို လိုက်ပြီး စရိုက်ပြောင်းတာနဲ့ … သူတို့ ခံစားရတဲ့ စိတ်အခြေအနေအပေါ်လိုက်ပြီး စရိုက်ပြောင်းတာနဲ့ ပေါ့… သူငယ်ချင်းတွေနဲ့ မိသားစုထဲမှာ တွေ့ ရတာလေးတွေကို မျှဝေချင်ပါတယ်…
ဆက်ဆံရတဲ့ လူကို လိုက်ပြီး စရိုက်ပြောင်းတာမှာ နှစ်မျိုးရှိပါတယ်… ကိုယ့်စရိုက်က ဒီတယောက်နဲ့ ဆက်ဆံရင် ဒီစရိုက်… ဟိုတယောက်နဲ့ ဆက်ဆံရင် ဟိုစရိုက်ပေါ့ အဲဒါက အလိုလိုစရိုက်ပြောင်းတာ… နောက်တမျိုးက ကိုယ် ကိုယ်တိုင် စရိုက်လိုက်ပြောင်းတာ… ပြောရရင်… ဒီတယောက်နဲ့ ဆိုရင် ဒီစရိုက်မျိုး ဖြစ်ချင်တယ်… ဟိုတယောက်နဲ့ ဆိုရင် ဟိုစရိုက်မျိုး ဖြစ်ချင်တယ်ဆိုပြီး… ကိုယ့်စရိုက်ကို ကိုယ်ကိုယ်တိုင် အမျိုးမျိုး ပြောင်းလဲ နေတာပေါ့… ပြောနေတာနဲ့ တော်တော် ရှုပ်နေပြီ… ဥပမာလေးပေးဦးမှ…
သူငယ်ချင်း တယောက်က(မိန်းကလေး) သူက သူငယ်ချင်းတွေနဲ့ ဆိုရင် ရေလည်ပေါတယ် ပျော်ပျော် နေတတ်တယ်… ဒါပေမယ့် သူ့အိမ်က မိသားစုနဲ့ ဆိုရင် မခုတ်တတ်တဲ့ကြောင်ကျနေတာပဲ ငြိမ်လို့ … သူ့ အလိုလို စရိုက်က မတူဘူးဖြစ်သွားတာ… မတူတဲ့ ပတ်ဝန်းကျင်နှစ်ခုမှာ မတူတဲ့ စရိုက်နှစ်ခု ဖြစ်ပေါ်အောင်သူ လုပ်ယူတာမဟုတ်ဘူးတဲ့… ဖြစ်နိုင်တာကတော့ ကြီးပြင်းလာရတဲ့ ပတ်ဝန်းကျင်အပေါ်မူတည်တာပေါ့… မိသားစုနဲ့ ဆိုရင် အထိန်းအကွပ် အဆုံးအမတွေနဲ့ နေနေရတော့… ပင်ကိုစရိုက်ပျော်ပျော်နေချင်တဲ့သူက သူငယ်ချင်းတွေနဲ့ ကျမှ လွတ်လွတ်လပ်လပ်နဲ့ ပင်ကို စရိုက်အတိုင်းနေခွင့်ရလို့ပဲ ဖြစ်မယ်…
ဒီလို ပဲ တခြားသူငယ်ချင်းတွေအများကြီးရှိပါသေးတယ်… မိသားစုနဲ့ ဆိုတမျိုး… သူငယ်ချင်းတွေနဲ့ ဆိုတမျိုး ပိုပြီးရင်းနှီးတဲ့ အခင်ဆုံးသူငယ်ချင်းတွေနဲ့ဆိုတမျိုး… ပြီးတော့ ချစ်သူ/ရည်းစားနဲ့ဆိုတမျိုး… စသည်ဖြင့်ပေါ့… လူတိုင်းမှာ သူတို့ရဲ့  တကယ့်စရိုက် (real self) ဆိုတာ ရှိတယ်… ပြောရရင် ကိုယ်ပိုင်စရိုက်ပေါ့… ဒီလို စရိုက်က ကိုယ့်ရဲ့  ချစ်သူ ဒါမှမဟုတ် အခင်ဆုံး သူငယ်ချင်းတွေနဲ့ ဆိုရင် ပိုမိုပေါ်လွင်ပါတယ်… ဒါကလည်း တရားသေမဟုတ်ပါဘူး… ပတ်ဝန်းကျင်မှာ တွေ့  နေကျလေးကို ပြောပြတာပါ…
နောက်တမျိုးဖြစ်တဲ့ ကိုယ့်စရိုက်ကို ကိုယ်ဆက်ဆံတဲ့ လူတွေအပေါ်မူတည်ပြီး ကိုယ်ကိုယ်တိုင် ပြောင်းလဲ ယူတဲ့လူတွေထဲမှာ… ယမာကိုယ်တိုင် အပါအ၀င်ပေါ့… ယမာက မောင်လေးနဲ့ ဆိုရင် အမြဲ အလိုလိုက်ပြီး သူ့ကို ပျော်အောင်ထားချင်တာ… အဲဒါက တကယ့် စရိုက်… ဒါပေမယ့် ဒီလိုသူ့အလိုလို ဖြစ်ပေါ်တဲ့ စရိုက်အတိုင်းသာထားရင် မောင်လေးက အလိုလိုက်ပြီး ပျက်စီးမှာစိုးလို့ စည်းကမ်းတင်းကြပ်တဲ့ပုံလုပ်ထားရတယ်… အတန်းထဲမှာဖြစ်ဖြစ် သိပ်မခင်တဲ့ သူငယ်ချင်းတွေနဲ့ဖြစ်ဖြစ် ကိုယ်က တက်ကြွတဲ့ ပုံစံဖြစ်ချင်ပေမယ့် ဘယ်လို ကြိုးစားယူယူ စကားနည်းတဲ့ စရိုက်ပဲ ထွက်ထွက်လာတယ်… သိပ်မခင်တဲ့လူတွေနဲ့ဆို ဒီအတိုင်းချည်းပဲ… ဒီနေရာမှာတော့ လုပ်ယူတာ မအောင်မြင်ဘူးဖြစ်သွားတာပေါ့နော်…
ဒါပေမယ့် အရမ်းခင်တဲ့သူငယ်ချင်းတွေနဲ့ ဒါမှမဟုတ် ကိုယ့် ချစ်သူနဲ့ ဆိုရင်တော့… လုပ်ယူစရာကိုမလိုတဲ့ ပေါတောတောစရိုက်က ထွက်ထွက်လာတာ… တစ်ခါတစ်ခါ လူကြားထဲမှာ သူတို့က ကိုယ်ပေါနေတာကို ရှက်လွန်းလွန်း မျက်နှာဝှတ်ထားရတယ်… ကိုယ့်ထက် ပိုပေါတဲ့ အခင်ဆုံး သူငယ်ချင်းတွေနဲ့ တွေ့ရင်တော့ မရှက်တန်းကို ပေါတာ… တကယ့်စရိုက်ကဒီလို… ဒီလို…
ဒီလိုလုပ်ယူတဲ့ စရိုက်တွေက အောင်မြင်ပြီး အကျင့်ရသွားရင်တော့ တော်ပါရဲ့  … လုပ်ယူတဲ့ စရိုက်တွေက မအောင်မြင်ပဲ ကိုးလို့ကန့်လန့် ထွက်လာရင် အထင်လွဲစရာတွေဖြစ်လာဦးမှာစိုးရပါတယ်… ကိုယ့်အကျင့်က စွာကျယ်ကျယ် … ဒါပေမယ့် ကိုယ်က သူ့ရှေ့မှာ အေးအေးလေးနေပြချင်တယ်… မအောင်မြင်တော့ စွာမကျယ်သင့်တဲ့ နေရာမှာ စွာကျယ်မိရင် တဖက်ကကိုယ့်ကို ဘာမဟုတ်တဲ့ ကိစ္စလေးမှာ စိတ်မထိန်းနိုင်တဲ့ လူလို့ ထင်သွားမှ ဒုက္ခ… အစကတည်းက စွာကျယ်တဲ့ စရိုက်အတိုင်းသာနေလိုက်ရင် အော်သူ့အကျင့်ကိုက ဒီလိုလေးပဲဟာဆိုပြီး ဘာမှ အထင်လွဲစရာမရှိတော့ဘူးပေါ့… ဒါကြောင့် အစကတည်းက လုပ်ယူတဲ့ စရိုက်တွေထက် ကိုယ့်စရိုက်လေး အတိုင်းကိုယ်နေတာ အကောင်းဆုံးပေါ့… ပြောရရင်… Be Yourself ပေါ့…
နောက်ဆုံး အမျိုးအစားဖြစ်တဲ့ ခံစားရတဲ့ စိတ်အခြေအနေအပေါ်လိုက်ပြီး စရိုက်ပြောင်းတာ အတွက် ဥပမာပေးဖို့ ဝေးဝေးရှာနေစရာမလိုဘူး… ယမာ့ အဖေပါပဲ… ပုံမှန် အခြေအနေမှာ ဆိုရင် အဖေက အရမ်း ချစ်ဖို့ကောင်းပါတယ်… ရယ်စရာတွေပြောတတ်တယ်… ရယ်စရာတွေလုပ်ပြတတ်တယ်… ယမာတို့နဲ့ တော်တော်ကိုက်တယ်… တချိန်လုံး ပေါက်ကရတွေပြောနေတာ… ပြီးတော့ မုန့်ဖိုးလဲ များများပေးတယ်… အဟီး… ဒါပေမယ့် သူစိတ်ဆိုးပြီ ဒါမှမဟုတ် စိတ်ဓာတ်ကျပြီဆိုရင် လုံးဝ ကြောက်ဖို့ကောင်းပါတယ်… ပြဿနာမဟုတ်တာတွေကို ပြဿနာရှာပြီး လိုက်ရစ်ပါတယ်… (အရက်၊ဘီယာ မသောက်တတ်လို့ပဲ တော်တော့တယ်… သောက်တတ်ရင် ပိုဆိုးမှာ)… စရိုက်တွေ လုံးဝပြောင်းလဲသွားတာမှ … လူလုံးဝလဲပစ်လိုက်သလို… ကိုယ့်အဖေမဟုတ်တော့သလိုပဲ…
ဒီတော့ အဖေ့ဆီကနေ သင်ခန်းစာရတာက ကိုယ့် စိတ်ခံစားချက်ပေါ်မူတည်ပြီး ကိုယ့်ရဲ့  စရိုက်ကကြောက်စရာအတိ မဖြစ်သွားအောင် သတိလေးရှိနေဖို့ပါပဲ… ဒီလိုလုပ်ရတာခက်မှာပါ… ဒါပေမယ့် ကိုယ့်စရိုက်ကို ကိုယ်မထိန်းနိုင်ရင် ဘေးက လူတွေအတွက် လုံးဝမကောင်းတာ လက်တွေ့ပါ… ဒီအချက်ကို အမေက အဖေ့ကို အမြဲပြောနေကျပါ… ဒီတော့ အမျိုးမျိုး သင်ခန်းစာလေးတွေရတာပေါ့… ဒီရတဲ့ သင်ခန်းစာလေးတွေကို ချရေးပြီး မျှဝေလိုက်တာပါ…

Monday, May 24, 2010

ဒဿန Vs. လက်တွေ့  (၂) ချစ်သူဘယ်နှစ်ယောက်လဲ


-->
ကြားနေကျ စကားလေးတခွန်းရှိတယ်… “ရည်းစားတစ်ထောင် လင်ကောင်တယောက်” တဲ့… မိန်းကလေးတွေအတွက်ပေါ့… အိမ်ထောင်မကျခင် ရည်းစားတွေ အများကြီး ထားပေမယ့် အိမ်ထောင်ကျပြီးရင်တော့ နောက်ထပ် အိမ်ထောင်မပြုပဲ ခင်ပွန်းတစ်ယောက်ပဲထားမယ်ဆိုတဲ့ သဘောပါ… ဒီလိုနေရာမှာ တယောက်နဲ့ တယောက် သဘောထားမတူနိုင်ပါဘူး…
လောလောဆယ် ကြုံတွေ့ဖူးတဲ့ မိန်းကလေးသူငယ်ချင်းတွေထဲမှာ တချို့  မိန်းကလေးတွေက ကိုယ်ချစ်တဲ့လူမတွေ့ သေးခင် ရည်းစားအများကြီးထားလို့ ရတယ်လို့ လက်ခံကြပါတယ်… တချို့  မိန်းကလေးတွေကျတော့… ရည်းစားလဲ တယောက်ပဲထားမယ်… အိမ်ထောင်ကျရင်လည်း အဲဒီရည်းစားကိုပဲ ယူမယ်တဲ့… ပြီးတော့ အမျိုးမျိုးရှိပါလိမ့်ဦးမယ်…
ပထမ အမျိုးအစားဖြစ်တဲ့ ကိုယ်ချစ်တဲ့လူ မတွေ့ သေးခင် ရည်းစားအများကြီးထားလို့ ရတယ်လို့ ခံယူထားတဲ့ မိန်းကလေးတွေက ရည်းစားတယောက်ပြီး တယောက်ထားရင်း အချစ်ကို ရှာဖွေကြတယ်… အစမှာတော့ ချစ်သယောင်ယောင် နောက်ပိုင်းကျတော့ သဘောထားချင်းမတိုက်ဆိုင်လို့ ကွဲသွားတယ်… ဒါမှမဟုတ် မိမိရည်းစားက နောက်တယောက်ရှာသွားလို့ ကွဲသွားတယ်… စသဖြင့် အမျိုးမျိုးပေါ့… သူငယ်ချင်းထဲမှာလဲ တယောက်ရှိပါတယ်… အစက တတွဲတွဲ မခွဲအတူနေလာတာ… နောက်ပိုင်းကျတော့ သူ့ ရည်းစားက နောက်တယောက်နဲ့ ကြိုက်သွားလို့ သူကျန်ခဲ့ရတယ်… ဒါပေမယ့်လည်း အဲဒီသူငယ်ချင်းလဲ ရည်းစားနောက်တယောက်ရသွားပါပြီ…
ပြောချင်တာလေးက ဘယ်လိုအကြောင်းကြောင့် ကွဲသည်ဖြစ်စေ… ကိုယ့်ဘက်ကို အနာမခံဖို့ပဲ… အရမ်းကြီးသံယောဇဉ်ထားနေရင် ကိုယ်ပဲ ခံစားရမှာလေ… ဒီပထမ အမျိုးအစားမှာ ရည်းစားကွဲခြင်းက သိပ်ပြီး အထိမနာသေးပါဘူး… (ဒါပေမယ့် ခံတော့ ခံစားရတာပေါ့နော်) … ဘာလို့လဲ ဆိုတော့ ခံယူချက်ကြောင့်ပါပဲ… ဒီလိုကွဲသွားပြီးလို့ နဲနဲ ကြာရင် နောက်တယောက်ပြောင်းထားမယ်ဆိုတဲ့ ခံယူချက်ကြောင့်ပေါ့… ကိုယ်တကယ် ချစ်ရတဲ့လူမတွေ့မချင်းပါ… ကိုယ်တကယ် ချစ်ရတဲ့သူနဲ့တွေ့  ပြီးကာမှ သူ့ဖက်က သစ္စာဖောက်လို့ ကွဲရတဲ့မိန်းကလေးတွေကတော့ တကယ်သနားဖို့ ကောင်းပါတယ်… သူတို့ အတွက် အကြံတစ်ခုကတော့ အဲဒီအချစ်ကို မေ့ပြစ်လိုက်ဖို့ပဲ… သူက ကိုယ်နဲ့ မထိုက်တန်ဘူးလို့ မှတ်ယူလိုက်တာ အကောင်းဆုံးပါ…
ဒုတိယ အမျိုးအစားဖြစ်တဲ့ ရည်းစားလဲ တယောက်ပဲထားမယ်… အိမ်ထောင်ကျရင်လည်း အဲဒီရည်းစားကိုပဲ ယူမယ်ဆိုတဲ့ မိန်းကလေးတွေက တော်တော် ရွေးကြတယ်… သူတို့က အဲဒီလူနဲ့ ပဲ အိမ်ထောင်ပြုချင်တာကိုး… အဲဒီရည်းစားက သူတို့ ကို တကယ်မေတ္တာရှိတယ်လို့ သူတို့ထင်ရင် ပြီးတော့ ဘက်ပေါင်းစုံ သူတို့ စဉ်းစားတာပေါ့နော်… ပညာရေး၊ မိသားစုအခြေအနေ၊ အတိတ်ဇာတ်ကြောင်းတွေ အကုန်လိုက်လေ့လာကြတယ်… ပြီးတော့မှ သူတို့က အဖြေပေးတာ…
ဒီဒုတိယအမျိုးအစားမှာလဲ နှစ်မျိုးရှိသေးတယ်… သူချစ်ကို လက်ခံတာနဲ့ ကိုယ်ချစ်၊သူချစ်ကို လက်ခံတာ… သူချစ်ကို လက်ခံတယ်ဆိုတာ… သူက ကိုယ့်အပေါ် ဘယ်လောက်ထိချစ်နိုင်မယ်… အနွံ့ အတာ ခံနိုင်မယ်ဆိုတာတွေကို ကြည့်ပြီး လက်ခံတာမျိုး… ဒီလိုမိန်းကလေးတွေက ရည်းစားဖြစ်သွားမှ ကိုယ့်ဘက်က သူ့ကို ပြန်ချစ်ဖို့ ကြိုးစားကြတာ… ကိုယ်ချစ်၊သူချစ်ကို လက်ခံတယ်ဆိုတာ… သူကလည်း ကိုယ့်အပေါ် မြတ်မြတ်နိုးနိုးချစ်နိုင်မယ်… ကိုယ်ကလည်း သူ့ကို ချစ်တယ်… ခုနက ပြောသွားတဲ့ ရည်းစားဖြစ်ပြီးမှ ဖန်တီးယူတဲ့ အချစ်မျိုးမဟုတ်ဘူးပေါ့… အချိန်ကြာပြီး သံယောဇဉ်တွေခိုင်မြဲလာရင် ဖန်တီးယူလာတဲ့ အချစ်ဖြစ်ဖြစ် အစကတည်းက ဖြစ်ပေါ်တဲ့ အချစ်ဖြစ်ဖြစ် နောက်ဆုံးတော့ အချစ်ခြင်းအတူတူပါပဲ…
ရည်းစားရော အိမ်ထောင်ဘက်ရော ဒီတယောက်ထဲပဲ ထားမယ်ဆိုတဲ့ ဒုတိယအမျိုးအစားက ပထမအမျိုးအစားထက် အသည်းကွဲတဲ့ အခါ ပိုခံစားရတာတွေ့ရတယ်… ဘာလို့လဲ ဆိုတော့ သူတို့က တစ်ဘ၀လုံးအတွက် ရည်မှန်းထားတာလေ… ဒီတယောက်ကိုပဲ ပုံချစ်ပြီး… နောက်တယောက်မပြောင်းတော့ဘူးလို့ ခံယူထားတာကိုး… ချစ်သူက ထားသွားတဲ့အခါ သူတို့ ဘ၀ကြီး ပြီးဆုံးသွားသလိုမျိုးခံစားကြရတယ်…
အစ်မ၀မ်းကွဲတစ်ယောက်ရဲ့  သူငယ်ချင်းက ရည်းစားရော အိမ်ထောင်ဘက်ရော ဒီတယောက်ထဲပဲ ထားမယ်ဆိုတဲ့မိန်းကလေး… ဒါပေမယ့် သူ့ချစ်သူက ဒီလိုခံယူချက်မရှိတော့ ၃နှစ်ကြာပြီးနောက် ပြတ်သွားကြတယ်… သူ့ခမျာ ကြံရာမရတွေဖြစ်ပြီး… ကမ္ဘာပျက်သလို ခံစားလိုက်ရတယ်… နောက်ပိုင်းဘယ်လိုဆက်ရှင်သန်လဲဆိုတော့ အိမ်ကပေးစားတဲ့လူကိုပဲ မချစ်ပဲ ယူလိုက်တယ်… သူ အချစ်ဆိုတာကို စိတ်နာသွားတယ်ထင်ပါရဲ့ … ဒါပေမယ့် အချိန်နဲ့ သံယောဇဉ်ပေါင်းပြီး အချစ်မေတ္တာကို ဖန်တီးပေးနိုင်မှာပါ…
ဒီတော့ ပြောချင်တာလေးက ဒီတယောက်နဲ့ပဲ ကိုယ့်ရဲ့  အချစ်ကို အဆုံးသတ်မယ်ဆိုပြီး တယူသန် မထားနဲ့ပေါ့နော်… ကိုယ့်ချစ်သူကလည်း ကိုယ့်အပေါ် ကိုယ်နဲ့ ထပ်တူ တစ်သက်လုံး မခွဲတမ်း ဘ၀ကို ဖြတ်သန်းဖို့ ခံယူချက်ထားတယ်ဆိုရင်တော့… နှစ်ယောက်ပေါင်းပြီး အချစ်တွေ တည်တံ့အောင် တက်ညီလက်ညီ ကြိုးစားလို့ရတယ်လေ… ကိုယ့်ဘက်ကပဲ… ဒီတယောက်ထဲကို တဘ၀လုံးအတွက်ရည်မှန်းတယ်ဆိုရင်တော့ အရမ်းမျှော်လင့်ချက်မထားမိဖို့လိုတယ်… အကြောင်းအမျိုးမျိုးကြောင့်ကွဲသွားခဲ့ရင် မျှော်လင့်ချက်ကြီးကြီးထားတဲ့ လူဘက်ကပဲ ပိုကြီးကြီးမားမားခံစားရမှာမဟုတ်လား… ဒီတော့ ကိုယ့်ဖာကိုယ် မညှင်းဆဲမိဖို့ သင်ယူထားမှဖြစ်မယ်…

Saturday, May 22, 2010

ဒဿန Vs. လက်တွေ့  (၁) သူငယ်ချင်းကောင်း


-->
ဖတ်ဖူးတဲ့စာ အများစုမှာ တွေ့ရတာက “သူငယ်ချင်းကောင်းဆိုတာ တွေ့ဖို့ခက်သလို ထားခဲ့ဖို့လဲခက်တယ် ” တဲ့… ဒါပေမယ့် သူငယ်ချင်းကောင်းဆိုတာကို ဘယ်လို တိကျစွာ အဓိပါယ်ပြန်မလဲ… ဘယ်လို အရည်အချင်းတွေနဲ့  ပြည့်စုံမှ သူငယ်ချင်းကောင်းလို့ ပြောလို့ ရမလဲ… သတ်မှတ်ထားတဲ့ အရည်းအချင်းထဲက တခုခုနဲ့ ကိုက်ညီမှုမရှိတော့တာနဲ့ သူငယ်ချင်းကောင်း မဟုတ်ဘူးလို့ ပြောလို့ရလား…
သူငယ်ချင်းကောင်းလို့ ပြောရင် တချို့ က အခင်ဆုံး သူငယ်ချင်း ကို ပြောတာလို့ ထင်တတ်ကြပါတယ်… အမှန်တော့ အခင်ဆုံး သူငယ်ချင်းတိုင်း သူငယ်ချင်းကောင်းမဖြစ်နိုင်ပါဘူး… အခင်ဆုံးသူငယ်ချင်းဆိုတာ ကိုယ်နဲ့ သွားအတူ စားအတူ အမြဲတတွဲတွဲ နေဖြစ်တဲ့ သူငယ်ချင်းပေါ့… သူတို့က ကိုယ့်အပေါ်ကောင်းတဲ့အခါလဲကောင်းမယ် ဆိုးတဲ့အခါလဲဆိုးမယ်… ဒါပေမယ့် တချို့  ကျတော့ အခင်ဆုံးသူငယ်ချင်းလဲဖြစ်… သူငယ်ချင်းကောင်းလဲဖြစ်ကြတဲ့အတွက် ကိုယ်နဲ့ ဆိုးအတူ ကောင်းအတူ ဘ၀ကို ဖြတ်သန်းရဲကြတယ်… အခင်ဆုံးသူငယ်ချင်းနဲ့ သူငယ်ချင်းကောင်းနဲ့ ယှဉ်ရင် အခင်ဆုံးသူငယ်ချင်းကို ခွဲခွာဖို့က ပိုခက်ပါတယ်… ဘာလို့လဲ ဆိုတော့ သူက ကိုယ့်ဘ၀ရဲ့  တစိတ်တပိုင်းလို ဖြစ်နေတာလေ… အမြဲတတွဲတွဲ နဲ့ အခင်ဆုံး သူငယ်ချင်း မဟုတ်တဲ့ သူငယ်ချင်းကောင်းကို ကြတော့ ခွဲခွာရတာ လွယ်ပါတယ်… လူတွေက ကိုယ့်အပေါ်ကောင်းတာတွေကို မေ့တတ်ကြတယ်လေ… ဒါပေမယ့် လူတိုင်းတော့ မဟုတ်ဘူးပေါ့…
သူငယ်ချင်းကောင်းဆိုတာ အခင်ဆုံးသူငယ်ချင်း ဖြစ်စရာမလိုပါဘူး… တချိန်တုန်းက ကိုယ့်အတွက်သူက သူငယ်ချင်းကောင်း … ကိုယ့်ကို အကူအညီတွေပေးတယ်… ကိုယ့်ကို အားပေးတယ် အကြံပေးတယ်… ကိုယ့်ဘက်ကို စာနာပေးတယ်… စသဖြင့်ပေါ့… ဒီလို အပြုအမူတွေကြောင့် ကိုယ်က သူ့ကို သူငယ်ချင်းကောင်းလို့ ခေါ်ခဲ့တယ်… ဒါပေမယ့် အချိန်တွေကြာ လို့ အဆက်အသွယ် ပြတ်သွားကြတဲ့အခါ ကိုယ်က သူ့ကို မေ့သွားမယ်… သူကလည်း ကိုယ့်ကို မေ့သွားမယ်… ဒါပေမယ့် ကိုယ့်ဘက်က အကူအညီလိုလို့ သူ့ဆီပြန်သွားတဲ့အခါ သူ့ဘက်က နွေးထွေးစွာ ကြိုဆိုဦးမှာပါ… ဘာလို့လဲဆိုတော့ အဲဒီသူငယ်ချင်းကောင်းက လူတိုင်းအပေါ် စိတ်ထားကောင်းလို့လဲ ဖြစ်ချင်ဖြစ်မယ်… ဒါမှမဟုတ် ကိုယ့်အပေါ် ခင်မင်မှုမပျက်သေးလို့လဲ ဖြစ်ချင်ဖြစ်မယ်လေ…
အခင်ဆုံးသူငယ်ချင်းနဲ့ ကိုယ်က အဆက်အသွယ်ပြတ်သွားတယ်… အချိန်တွေကြာတော့ ကိုယ်က သူ့ဆီပြန်သွားပြီး အခင်ဆုံးသူငယ်ချင်း ပြန်ဖြစ်ခွင့်တောင်းခဲ့ရင် အရင်လို အခင်ဆုံးသူငယ်ချင်းဖြစ်ဖို့ ခက်ခဲသွားပါလိမ့်မယ်… သူ့ဆီမှာ အခင်ဆုံးသူငယ်ချင်း နောက်တယောက်ရသွားလို့လဲ ဖြစ်ချင်ဖြစ်မယ် ဒါမှမဟုတ် အနေဝေးတာ ကြာလွန်းလို့ စိမ်းသွားတာလဲ ဖြစ်ချင်ဖြစ်မယ်… ဘ၀မှာ အခင်ဆုံးသူငယ်ချင်းတွေ တယောက်ထက်မက ရှိနိုင်ပါတယ်…
သူငယ်ချင်းကောင်း ဖြစ်ဖြစ်… အခင်ဆုံးသူငယ်ချင်းဖြစ်ဖြစ် လူတွေပဲဟာ ပြောင်းလဲတတ်ကြသလို အပြစ်တွေလဲ ရှိတတ်ပါတယ်… ဘယ်အရာမှ မမြဲဘူးဆိုတာ လူတိုင်းအသိပါ… သူငယ်ချင်းကောင်းက ကိုယ့်အပေါ်အမှားလေးတချက် ပြုမိတာနဲ့ သူငယ်ချင်းကောင်း မဟုတ်ဖူးလို့ မပြောလိုက်ပါနဲ့… အပြစ်အနာအဆာကင်းတဲ့ လူဆိုတာမှ မရှိတာ… ကိုယ်က ခွင့်လွှတ်တတ်ဖို့ ကြိုးစားရမယ်… အတိုင်းအတာတစ်ခုအထိပေါ့… သူတို့ ပြောင်းလဲသွားကြရင်လဲ ကိုယ်က နားလည်တတ်ရမယ်...
အရာရာတိုင်းမှာ ကောင်းနိုင်မယ့် သူငယ်ချင်းကောင်းဆိုတာ ရှားပါတယ်… တချို့  သူငယ်ချင်းက ဒီကိစ္စမှာ ကိုယ့်အပေါ်ကောင်းတယ်… နောက် သူငယ်ချင်းကြပြန်တော့ ဟိုကိစ္စမှာ ကိုယ့်အပေါ်ကောင်းတယ်… ကိုယ့်သူငယ်ချင်းတွေက တယောက်တမျိုးစီ တယောက်တနေရာစီကိုယ့်အပေါ် ကောင်းနေကြတာပါပဲ… သေချာပြန်စဉ်းစားကြည့်ပါ… ကိုယ့် သူငယ်ချင်းတိုင်းက ကိုယ့်အပေါ်ကောင်းပါတယ်… တခါတလေလဲ အမှားဆိုတာရှိမှာပေါ့… ကိုယ့်ဘက်ကရော သူတို့ အပေါ် အမှားတွေ မလုပ်ခဲ့လို့လား… ပြီးတော့ ကိုယ့်အပေါ်မှာ တခါမှ မကောင်းပဲ အဆိုးတွေချည်း ပေးတဲ့လူကိုရော ကိုယ်က သူငယ်ချင်း စာရင်းထဲထားမှာမို့လား… မထားပါဘူး…
ကောင်းကျိုးလဲ မပေး ဆိုးကျိုးလဲ မပေးတဲ့ သူငယ်ချင်းတွေလဲ ရှိတာပေါ့ ဒီလို သူငယ်ချင်းမျိုးကို ကျတော့ ကိုယ့်ဘက်စပြီး သူတို့ အပေါ်ကောင်းလိုက်ပါ… သူတို့လည်း ကိုယ့်အပေါ်ကောင်းလာပါလိမ့်မယ်… အရာတိုင်းမှာ တန်ပြန်အကျိုးဆိုတာ ရှိတယ်လေ… ဒီလိုနည်းနဲ့ ကိုယ့်အပေါ်ကောင်းမယ့် သူငယ်ချင်းတွေ အများကြီး လုပ်ယူနိုင်ပါတယ်… ဒီတော့ သူငယ်ချင်းတိုင်းကို တန်ဖိုးထားတတ်ဖို့လိုပါတယ်… သူငယ်ချင်းတိုင်းဟာ ကိုယ့်အတွက် သူငယ်ချင်းကောင်းတွေချည်းပါပဲ…
မှတ်ချက်။ ။ ဒီစာပုဒ်လေး ဖြစ်မြောက်အောင် မေးခွန်းလေးတွေ ဖြေပေးကြတဲ့ သူငယ်ချင်းတွေအားလုံးကို ကျေးဇူးတင်ပါတယ်… survey အလုပ်ခံရတဲ့ သူငယ်ချင်းတွေရော အလုပ်မခံရတဲ့ သူငယ်ချင်းတွေကိုရော ပြောလိုက်မယ်နော်… နင်တို့က ငါ့ရဲ့  သူငယ်ချင်းကောင်းတွေပါပဲဟာ…