Monday, May 24, 2010

ဒဿန Vs. လက်တွေ့  (၂) ချစ်သူဘယ်နှစ်ယောက်လဲ


-->
ကြားနေကျ စကားလေးတခွန်းရှိတယ်… “ရည်းစားတစ်ထောင် လင်ကောင်တယောက်” တဲ့… မိန်းကလေးတွေအတွက်ပေါ့… အိမ်ထောင်မကျခင် ရည်းစားတွေ အများကြီး ထားပေမယ့် အိမ်ထောင်ကျပြီးရင်တော့ နောက်ထပ် အိမ်ထောင်မပြုပဲ ခင်ပွန်းတစ်ယောက်ပဲထားမယ်ဆိုတဲ့ သဘောပါ… ဒီလိုနေရာမှာ တယောက်နဲ့ တယောက် သဘောထားမတူနိုင်ပါဘူး…
လောလောဆယ် ကြုံတွေ့ဖူးတဲ့ မိန်းကလေးသူငယ်ချင်းတွေထဲမှာ တချို့  မိန်းကလေးတွေက ကိုယ်ချစ်တဲ့လူမတွေ့ သေးခင် ရည်းစားအများကြီးထားလို့ ရတယ်လို့ လက်ခံကြပါတယ်… တချို့  မိန်းကလေးတွေကျတော့… ရည်းစားလဲ တယောက်ပဲထားမယ်… အိမ်ထောင်ကျရင်လည်း အဲဒီရည်းစားကိုပဲ ယူမယ်တဲ့… ပြီးတော့ အမျိုးမျိုးရှိပါလိမ့်ဦးမယ်…
ပထမ အမျိုးအစားဖြစ်တဲ့ ကိုယ်ချစ်တဲ့လူ မတွေ့ သေးခင် ရည်းစားအများကြီးထားလို့ ရတယ်လို့ ခံယူထားတဲ့ မိန်းကလေးတွေက ရည်းစားတယောက်ပြီး တယောက်ထားရင်း အချစ်ကို ရှာဖွေကြတယ်… အစမှာတော့ ချစ်သယောင်ယောင် နောက်ပိုင်းကျတော့ သဘောထားချင်းမတိုက်ဆိုင်လို့ ကွဲသွားတယ်… ဒါမှမဟုတ် မိမိရည်းစားက နောက်တယောက်ရှာသွားလို့ ကွဲသွားတယ်… စသဖြင့် အမျိုးမျိုးပေါ့… သူငယ်ချင်းထဲမှာလဲ တယောက်ရှိပါတယ်… အစက တတွဲတွဲ မခွဲအတူနေလာတာ… နောက်ပိုင်းကျတော့ သူ့ ရည်းစားက နောက်တယောက်နဲ့ ကြိုက်သွားလို့ သူကျန်ခဲ့ရတယ်… ဒါပေမယ့်လည်း အဲဒီသူငယ်ချင်းလဲ ရည်းစားနောက်တယောက်ရသွားပါပြီ…
ပြောချင်တာလေးက ဘယ်လိုအကြောင်းကြောင့် ကွဲသည်ဖြစ်စေ… ကိုယ့်ဘက်ကို အနာမခံဖို့ပဲ… အရမ်းကြီးသံယောဇဉ်ထားနေရင် ကိုယ်ပဲ ခံစားရမှာလေ… ဒီပထမ အမျိုးအစားမှာ ရည်းစားကွဲခြင်းက သိပ်ပြီး အထိမနာသေးပါဘူး… (ဒါပေမယ့် ခံတော့ ခံစားရတာပေါ့နော်) … ဘာလို့လဲ ဆိုတော့ ခံယူချက်ကြောင့်ပါပဲ… ဒီလိုကွဲသွားပြီးလို့ နဲနဲ ကြာရင် နောက်တယောက်ပြောင်းထားမယ်ဆိုတဲ့ ခံယူချက်ကြောင့်ပေါ့… ကိုယ်တကယ် ချစ်ရတဲ့လူမတွေ့မချင်းပါ… ကိုယ်တကယ် ချစ်ရတဲ့သူနဲ့တွေ့  ပြီးကာမှ သူ့ဖက်က သစ္စာဖောက်လို့ ကွဲရတဲ့မိန်းကလေးတွေကတော့ တကယ်သနားဖို့ ကောင်းပါတယ်… သူတို့ အတွက် အကြံတစ်ခုကတော့ အဲဒီအချစ်ကို မေ့ပြစ်လိုက်ဖို့ပဲ… သူက ကိုယ်နဲ့ မထိုက်တန်ဘူးလို့ မှတ်ယူလိုက်တာ အကောင်းဆုံးပါ…
ဒုတိယ အမျိုးအစားဖြစ်တဲ့ ရည်းစားလဲ တယောက်ပဲထားမယ်… အိမ်ထောင်ကျရင်လည်း အဲဒီရည်းစားကိုပဲ ယူမယ်ဆိုတဲ့ မိန်းကလေးတွေက တော်တော် ရွေးကြတယ်… သူတို့က အဲဒီလူနဲ့ ပဲ အိမ်ထောင်ပြုချင်တာကိုး… အဲဒီရည်းစားက သူတို့ ကို တကယ်မေတ္တာရှိတယ်လို့ သူတို့ထင်ရင် ပြီးတော့ ဘက်ပေါင်းစုံ သူတို့ စဉ်းစားတာပေါ့နော်… ပညာရေး၊ မိသားစုအခြေအနေ၊ အတိတ်ဇာတ်ကြောင်းတွေ အကုန်လိုက်လေ့လာကြတယ်… ပြီးတော့မှ သူတို့က အဖြေပေးတာ…
ဒီဒုတိယအမျိုးအစားမှာလဲ နှစ်မျိုးရှိသေးတယ်… သူချစ်ကို လက်ခံတာနဲ့ ကိုယ်ချစ်၊သူချစ်ကို လက်ခံတာ… သူချစ်ကို လက်ခံတယ်ဆိုတာ… သူက ကိုယ့်အပေါ် ဘယ်လောက်ထိချစ်နိုင်မယ်… အနွံ့ အတာ ခံနိုင်မယ်ဆိုတာတွေကို ကြည့်ပြီး လက်ခံတာမျိုး… ဒီလိုမိန်းကလေးတွေက ရည်းစားဖြစ်သွားမှ ကိုယ့်ဘက်က သူ့ကို ပြန်ချစ်ဖို့ ကြိုးစားကြတာ… ကိုယ်ချစ်၊သူချစ်ကို လက်ခံတယ်ဆိုတာ… သူကလည်း ကိုယ့်အပေါ် မြတ်မြတ်နိုးနိုးချစ်နိုင်မယ်… ကိုယ်ကလည်း သူ့ကို ချစ်တယ်… ခုနက ပြောသွားတဲ့ ရည်းစားဖြစ်ပြီးမှ ဖန်တီးယူတဲ့ အချစ်မျိုးမဟုတ်ဘူးပေါ့… အချိန်ကြာပြီး သံယောဇဉ်တွေခိုင်မြဲလာရင် ဖန်တီးယူလာတဲ့ အချစ်ဖြစ်ဖြစ် အစကတည်းက ဖြစ်ပေါ်တဲ့ အချစ်ဖြစ်ဖြစ် နောက်ဆုံးတော့ အချစ်ခြင်းအတူတူပါပဲ…
ရည်းစားရော အိမ်ထောင်ဘက်ရော ဒီတယောက်ထဲပဲ ထားမယ်ဆိုတဲ့ ဒုတိယအမျိုးအစားက ပထမအမျိုးအစားထက် အသည်းကွဲတဲ့ အခါ ပိုခံစားရတာတွေ့ရတယ်… ဘာလို့လဲ ဆိုတော့ သူတို့က တစ်ဘ၀လုံးအတွက် ရည်မှန်းထားတာလေ… ဒီတယောက်ကိုပဲ ပုံချစ်ပြီး… နောက်တယောက်မပြောင်းတော့ဘူးလို့ ခံယူထားတာကိုး… ချစ်သူက ထားသွားတဲ့အခါ သူတို့ ဘ၀ကြီး ပြီးဆုံးသွားသလိုမျိုးခံစားကြရတယ်…
အစ်မ၀မ်းကွဲတစ်ယောက်ရဲ့  သူငယ်ချင်းက ရည်းစားရော အိမ်ထောင်ဘက်ရော ဒီတယောက်ထဲပဲ ထားမယ်ဆိုတဲ့မိန်းကလေး… ဒါပေမယ့် သူ့ချစ်သူက ဒီလိုခံယူချက်မရှိတော့ ၃နှစ်ကြာပြီးနောက် ပြတ်သွားကြတယ်… သူ့ခမျာ ကြံရာမရတွေဖြစ်ပြီး… ကမ္ဘာပျက်သလို ခံစားလိုက်ရတယ်… နောက်ပိုင်းဘယ်လိုဆက်ရှင်သန်လဲဆိုတော့ အိမ်ကပေးစားတဲ့လူကိုပဲ မချစ်ပဲ ယူလိုက်တယ်… သူ အချစ်ဆိုတာကို စိတ်နာသွားတယ်ထင်ပါရဲ့ … ဒါပေမယ့် အချိန်နဲ့ သံယောဇဉ်ပေါင်းပြီး အချစ်မေတ္တာကို ဖန်တီးပေးနိုင်မှာပါ…
ဒီတော့ ပြောချင်တာလေးက ဒီတယောက်နဲ့ပဲ ကိုယ့်ရဲ့  အချစ်ကို အဆုံးသတ်မယ်ဆိုပြီး တယူသန် မထားနဲ့ပေါ့နော်… ကိုယ့်ချစ်သူကလည်း ကိုယ့်အပေါ် ကိုယ်နဲ့ ထပ်တူ တစ်သက်လုံး မခွဲတမ်း ဘ၀ကို ဖြတ်သန်းဖို့ ခံယူချက်ထားတယ်ဆိုရင်တော့… နှစ်ယောက်ပေါင်းပြီး အချစ်တွေ တည်တံ့အောင် တက်ညီလက်ညီ ကြိုးစားလို့ရတယ်လေ… ကိုယ့်ဘက်ကပဲ… ဒီတယောက်ထဲကို တဘ၀လုံးအတွက်ရည်မှန်းတယ်ဆိုရင်တော့ အရမ်းမျှော်လင့်ချက်မထားမိဖို့လိုတယ်… အကြောင်းအမျိုးမျိုးကြောင့်ကွဲသွားခဲ့ရင် မျှော်လင့်ချက်ကြီးကြီးထားတဲ့ လူဘက်ကပဲ ပိုကြီးကြီးမားမားခံစားရမှာမဟုတ်လား… ဒီတော့ ကိုယ့်ဖာကိုယ် မညှင်းဆဲမိဖို့ သင်ယူထားမှဖြစ်မယ်…

Saturday, May 22, 2010

ဒဿန Vs. လက်တွေ့  (၁) သူငယ်ချင်းကောင်း


-->
ဖတ်ဖူးတဲ့စာ အများစုမှာ တွေ့ရတာက “သူငယ်ချင်းကောင်းဆိုတာ တွေ့ဖို့ခက်သလို ထားခဲ့ဖို့လဲခက်တယ် ” တဲ့… ဒါပေမယ့် သူငယ်ချင်းကောင်းဆိုတာကို ဘယ်လို တိကျစွာ အဓိပါယ်ပြန်မလဲ… ဘယ်လို အရည်အချင်းတွေနဲ့  ပြည့်စုံမှ သူငယ်ချင်းကောင်းလို့ ပြောလို့ ရမလဲ… သတ်မှတ်ထားတဲ့ အရည်းအချင်းထဲက တခုခုနဲ့ ကိုက်ညီမှုမရှိတော့တာနဲ့ သူငယ်ချင်းကောင်း မဟုတ်ဘူးလို့ ပြောလို့ရလား…
သူငယ်ချင်းကောင်းလို့ ပြောရင် တချို့ က အခင်ဆုံး သူငယ်ချင်း ကို ပြောတာလို့ ထင်တတ်ကြပါတယ်… အမှန်တော့ အခင်ဆုံး သူငယ်ချင်းတိုင်း သူငယ်ချင်းကောင်းမဖြစ်နိုင်ပါဘူး… အခင်ဆုံးသူငယ်ချင်းဆိုတာ ကိုယ်နဲ့ သွားအတူ စားအတူ အမြဲတတွဲတွဲ နေဖြစ်တဲ့ သူငယ်ချင်းပေါ့… သူတို့က ကိုယ့်အပေါ်ကောင်းတဲ့အခါလဲကောင်းမယ် ဆိုးတဲ့အခါလဲဆိုးမယ်… ဒါပေမယ့် တချို့  ကျတော့ အခင်ဆုံးသူငယ်ချင်းလဲဖြစ်… သူငယ်ချင်းကောင်းလဲဖြစ်ကြတဲ့အတွက် ကိုယ်နဲ့ ဆိုးအတူ ကောင်းအတူ ဘ၀ကို ဖြတ်သန်းရဲကြတယ်… အခင်ဆုံးသူငယ်ချင်းနဲ့ သူငယ်ချင်းကောင်းနဲ့ ယှဉ်ရင် အခင်ဆုံးသူငယ်ချင်းကို ခွဲခွာဖို့က ပိုခက်ပါတယ်… ဘာလို့လဲ ဆိုတော့ သူက ကိုယ့်ဘ၀ရဲ့  တစိတ်တပိုင်းလို ဖြစ်နေတာလေ… အမြဲတတွဲတွဲ နဲ့ အခင်ဆုံး သူငယ်ချင်း မဟုတ်တဲ့ သူငယ်ချင်းကောင်းကို ကြတော့ ခွဲခွာရတာ လွယ်ပါတယ်… လူတွေက ကိုယ့်အပေါ်ကောင်းတာတွေကို မေ့တတ်ကြတယ်လေ… ဒါပေမယ့် လူတိုင်းတော့ မဟုတ်ဘူးပေါ့…
သူငယ်ချင်းကောင်းဆိုတာ အခင်ဆုံးသူငယ်ချင်း ဖြစ်စရာမလိုပါဘူး… တချိန်တုန်းက ကိုယ့်အတွက်သူက သူငယ်ချင်းကောင်း … ကိုယ့်ကို အကူအညီတွေပေးတယ်… ကိုယ့်ကို အားပေးတယ် အကြံပေးတယ်… ကိုယ့်ဘက်ကို စာနာပေးတယ်… စသဖြင့်ပေါ့… ဒီလို အပြုအမူတွေကြောင့် ကိုယ်က သူ့ကို သူငယ်ချင်းကောင်းလို့ ခေါ်ခဲ့တယ်… ဒါပေမယ့် အချိန်တွေကြာ လို့ အဆက်အသွယ် ပြတ်သွားကြတဲ့အခါ ကိုယ်က သူ့ကို မေ့သွားမယ်… သူကလည်း ကိုယ့်ကို မေ့သွားမယ်… ဒါပေမယ့် ကိုယ့်ဘက်က အကူအညီလိုလို့ သူ့ဆီပြန်သွားတဲ့အခါ သူ့ဘက်က နွေးထွေးစွာ ကြိုဆိုဦးမှာပါ… ဘာလို့လဲဆိုတော့ အဲဒီသူငယ်ချင်းကောင်းက လူတိုင်းအပေါ် စိတ်ထားကောင်းလို့လဲ ဖြစ်ချင်ဖြစ်မယ်… ဒါမှမဟုတ် ကိုယ့်အပေါ် ခင်မင်မှုမပျက်သေးလို့လဲ ဖြစ်ချင်ဖြစ်မယ်လေ…
အခင်ဆုံးသူငယ်ချင်းနဲ့ ကိုယ်က အဆက်အသွယ်ပြတ်သွားတယ်… အချိန်တွေကြာတော့ ကိုယ်က သူ့ဆီပြန်သွားပြီး အခင်ဆုံးသူငယ်ချင်း ပြန်ဖြစ်ခွင့်တောင်းခဲ့ရင် အရင်လို အခင်ဆုံးသူငယ်ချင်းဖြစ်ဖို့ ခက်ခဲသွားပါလိမ့်မယ်… သူ့ဆီမှာ အခင်ဆုံးသူငယ်ချင်း နောက်တယောက်ရသွားလို့လဲ ဖြစ်ချင်ဖြစ်မယ် ဒါမှမဟုတ် အနေဝေးတာ ကြာလွန်းလို့ စိမ်းသွားတာလဲ ဖြစ်ချင်ဖြစ်မယ်… ဘ၀မှာ အခင်ဆုံးသူငယ်ချင်းတွေ တယောက်ထက်မက ရှိနိုင်ပါတယ်…
သူငယ်ချင်းကောင်း ဖြစ်ဖြစ်… အခင်ဆုံးသူငယ်ချင်းဖြစ်ဖြစ် လူတွေပဲဟာ ပြောင်းလဲတတ်ကြသလို အပြစ်တွေလဲ ရှိတတ်ပါတယ်… ဘယ်အရာမှ မမြဲဘူးဆိုတာ လူတိုင်းအသိပါ… သူငယ်ချင်းကောင်းက ကိုယ့်အပေါ်အမှားလေးတချက် ပြုမိတာနဲ့ သူငယ်ချင်းကောင်း မဟုတ်ဖူးလို့ မပြောလိုက်ပါနဲ့… အပြစ်အနာအဆာကင်းတဲ့ လူဆိုတာမှ မရှိတာ… ကိုယ်က ခွင့်လွှတ်တတ်ဖို့ ကြိုးစားရမယ်… အတိုင်းအတာတစ်ခုအထိပေါ့… သူတို့ ပြောင်းလဲသွားကြရင်လဲ ကိုယ်က နားလည်တတ်ရမယ်...
အရာရာတိုင်းမှာ ကောင်းနိုင်မယ့် သူငယ်ချင်းကောင်းဆိုတာ ရှားပါတယ်… တချို့  သူငယ်ချင်းက ဒီကိစ္စမှာ ကိုယ့်အပေါ်ကောင်းတယ်… နောက် သူငယ်ချင်းကြပြန်တော့ ဟိုကိစ္စမှာ ကိုယ့်အပေါ်ကောင်းတယ်… ကိုယ့်သူငယ်ချင်းတွေက တယောက်တမျိုးစီ တယောက်တနေရာစီကိုယ့်အပေါ် ကောင်းနေကြတာပါပဲ… သေချာပြန်စဉ်းစားကြည့်ပါ… ကိုယ့် သူငယ်ချင်းတိုင်းက ကိုယ့်အပေါ်ကောင်းပါတယ်… တခါတလေလဲ အမှားဆိုတာရှိမှာပေါ့… ကိုယ့်ဘက်ကရော သူတို့ အပေါ် အမှားတွေ မလုပ်ခဲ့လို့လား… ပြီးတော့ ကိုယ့်အပေါ်မှာ တခါမှ မကောင်းပဲ အဆိုးတွေချည်း ပေးတဲ့လူကိုရော ကိုယ်က သူငယ်ချင်း စာရင်းထဲထားမှာမို့လား… မထားပါဘူး…
ကောင်းကျိုးလဲ မပေး ဆိုးကျိုးလဲ မပေးတဲ့ သူငယ်ချင်းတွေလဲ ရှိတာပေါ့ ဒီလို သူငယ်ချင်းမျိုးကို ကျတော့ ကိုယ့်ဘက်စပြီး သူတို့ အပေါ်ကောင်းလိုက်ပါ… သူတို့လည်း ကိုယ့်အပေါ်ကောင်းလာပါလိမ့်မယ်… အရာတိုင်းမှာ တန်ပြန်အကျိုးဆိုတာ ရှိတယ်လေ… ဒီလိုနည်းနဲ့ ကိုယ့်အပေါ်ကောင်းမယ့် သူငယ်ချင်းတွေ အများကြီး လုပ်ယူနိုင်ပါတယ်… ဒီတော့ သူငယ်ချင်းတိုင်းကို တန်ဖိုးထားတတ်ဖို့လိုပါတယ်… သူငယ်ချင်းတိုင်းဟာ ကိုယ့်အတွက် သူငယ်ချင်းကောင်းတွေချည်းပါပဲ…
မှတ်ချက်။ ။ ဒီစာပုဒ်လေး ဖြစ်မြောက်အောင် မေးခွန်းလေးတွေ ဖြေပေးကြတဲ့ သူငယ်ချင်းတွေအားလုံးကို ကျေးဇူးတင်ပါတယ်… survey အလုပ်ခံရတဲ့ သူငယ်ချင်းတွေရော အလုပ်မခံရတဲ့ သူငယ်ချင်းတွေကိုရော ပြောလိုက်မယ်နော်… နင်တို့က ငါ့ရဲ့  သူငယ်ချင်းကောင်းတွေပါပဲဟာ…

Friday, May 7, 2010

ချစ်သူ/ရည်းစား (ကောင်လေး) ကို မပြောသင့်သော စကား(၁၀)ခွန်း


-->
၁) “တော်ပြီ… နင်နဲ့ ငါလမ်းခွဲတာပဲကောင်းတယ်”
ဘယ်လိုအခြေအနေရောက်ရောက် ကိုယ့်ဘက်က သူ့ကို လမ်းမခွဲနိုင်သေးဘူးဆိုတာသေချာရင်… ဟန်ဆောင်ပြီး လမ်းခွဲမယ်ဆိုတဲ့စကားကို မပြောမိပါစေနဲ့… ကိုယ့်ချစ်သူက ကိုယ့်ကို တကယ်ချစ်တဲ့သူဆိုရင်… သူတော်တော်ခံစားရပါတယ်… ဒီစကားက သူမကြားချင်ဆုံးစကားပါပဲ… ပြီးတော့ ကိုယ်က လမ်းခွဲစကားကို ခဏခဏ စိတ်ဆိုးတိုင်းပြောနေရင်… သူ့ဘက်က ကိုယ့်ကို တဖြည်းဖြည်း အထင်လွဲလာတတ်တယ်…
၂) “ကို… ကို့အရင်ကောင်မလေးကို ဘယ်လောက်ထိချစ်ခဲ့လဲဟင်”
ချစ်သူရဲ့  အရင်ရည်းစားအကြောင်းကို ခဏခဏမမေးမိပါစေနဲ့… သူစိတ်ရှုပ်လာတတ်တယ်… ငါ့ကောင်မလေးက ငါ့ကို ဒီလောက်တောင်မယုံဘူးလား… နားမလည်ပေးနိုင်ဘူးလားဆိုပြီး တွေးလာတတ်တယ်… သိထားသင့်ရုံလောက်မေးထားသင့်ပါတယ်… ခဏခဏ စိတ်ရှိတိုင်း လိုက်လိုက်ပြီး မမေးနဲ့ပေါ့နော်… တော်ကြာကိုယ့်ကြောင့် သူ့အရင်ကောင်မလေးအကြောင်းပြောပြရပါများပြီး… အရင်ကောင်မလေးကို ပြန်စိတ်လည်သွားမှ ဒုက္ခ…
၃) ကိုယ့်ချစ်သူကို လူ့ရှေ့သူ့ရှေ့မှာ မအော်မိပါစေနဲ့… မဆူမိပါစေနဲ့… ယောက်ျားမာနကမသေးဘူးနော်… သူတို့ ဘယ်လောက်မှားနေမှားနေ မအော်သင့်ပါဘူး… သူတို့ကို သိက္ခာကျစေပါတယ်… ကိုယ့်ကို စိတ်နာသွားတတ်တယ်… ပြီးတော့ကိုယ့်ကိုလည်း အဆင့်မရှိတယ် မိန်းမလို့ထင်သွားတတ်တယ်… တကယ်က ကိုယ်တို့က စိတ်အရမ်းဆိုးသွားပြီးအော်မိကြတာပါ… ဒါပေမယ့် မကောင်းပါဘူး…
၎) ကိုယ့်ချစ်သူကျူးလွန်ခဲ့တဲ့ အရင်က အပြစ်တွေကို ခဏခဏ ပြန်မပြောမိပါစေနဲ့… ကိုယ့်ကိုရော အရင်က အပြစ်တွေ ခဏခဏ ပြန်ပြန်ပြီး လာပြောနေရင်ကြိုက်မလား… ဘယ်ကြိုက်မလဲနော်… စိတ်ညစ်တာပေါ့… သူတို့လဲ ဒီလိုပဲ… ကိုယ်က ပွစိပွစိနဲ့ အရင်က ဟာတွေပြန်ပြန် ပြောနေရင် စိတ်ညစ်ကြမှာပေါ့…
၅) “ကိုကလဲ ဒါလေးတောင် မသိဘူးလား” (သို့) “ဒီလောက်တော့ လုပ်နိုင်ရမှာပေါ့”
ကိုယ့်ချစ်သူကို ဘယ်လောက်ပဲ အားမလို အားမရ ဖြစ်ဖြစ် ဒီလိုပြောလိုက်ရင် သူစိတ်ထိခိုက်သွားလိမ့်မယ်… သူ့ကို ဘယ်နည်းနဲ့ဖြစ်ဖြစ် အထင်သေးတဲ့ စကားမျိုး မပြောမိပါစေနဲ့… ကိုယ်သူ့ကို တကယ်ချစ်တယ် ဆိုရင် သူ့ကို တန်ဖိုးထားပြီး လေးစားသင့်တာပေါ့နော်…
၆) ပြီးတော့ ကိုယ့်ချစ်သူကို ဘယ်လောက်ပဲ ဒေါသဖြစ်နေနေ မဆဲမိပါစေနဲ့… ရှေ့မှာ ပြောခဲ့သလိုပဲ တကယ်ချစ်ရင် တန်ဖိုးထားသင့်တာပေါ့… သူကတချိန်ချိန်မှာ ကိုယ့်ရဲ့  အိမ်ထောင်ဦးစီး ဖြစ်မှာလေ… (ရည်ရွယ်ထားရင်ပေါ့…) ဒီတော့ တယောက်ကို တယောက် လေးလေးစားစား ဆက်ဆံတာ အကောင်းဆုံးပေါ့…
၇) “ကိုနဲ့ ချစ်သူဖြစ်ပြီးကတည်းက ချစ်မှာ သူငယ်ချင်းကို သိပ်မရှိတော့ဘူး … အဲဒါကို့ကြောင့်…”
တကယ်တမ်းက သူနဲ့ ချစ်သူဖြစ်ပြီး သူ့ကို ချစ်တော့ သူ့အတွက်ပဲ အချိန်တွေပေးဖြစ်ပြီး ကိုယ်က သူငယ်ချင်းတွေနဲ့ အဆက်အဆံကြဲသွားတတ်ပါတယ်… အဲဒါကိုယ့်ချစ်သူကြောင့်လို့ အပြစ်မတင်သင့်ဘူး ဘာလို့လဲ ဆိုတော့ သူ့ကို ချစ်လို့ ကိုယ်ပြောင်းလဲသွားတာလေ… သူက အတင်း သူငယ်ချင်း ဖြတ်ခိုင်းတာဆိုရင်တော့ တမျိုးပေါ့နော်…
၈) “ကိုကလေ တခါတခါ အခြောက်နဲ့တူတယ် သိလား”
တခါတလေ အခြောက်နဲ့ တူသွားတဲ့ အပြုအမူတချို့ လဲ ရှိရင် ရှိမှာပေါ့… ဒါပေမယ့် အခြောက်နဲ့ တူတယ်လို့ သွားပြောလိုက်ရင်တော့ မကောင်းပါဘူး… သူ့ကို စော်ကားရာရောက်ပြီး သူစိတ်ဆိုးသွားလိမ့်မယ်… တကယ်ခြောက်နေတဲ့ လူတချို့  တောင် သူတို့ကို အခြောက်နဲ့ တူတယ်လို့ ပြောရင် မကြိုက်ကြပါဘူး…
၉) ကိုယ့်ချစ်သူရဲ့  ဆွေမျိုးတွေ မိဘတွေ မကောင်းကြောင်း ဘယ်တော့မှ မပြောမိပါစေနဲ့ … တကယ်မကောင်းလို့ ပါးစပ်ကနေထုတ်ညည်းချင်တယ်ဆိုရင်တောင် သူ့ရှေ့မှာ မညည်းမိပါစေနဲ့… သူ့ဆွေမျိုး သူ့မိဘကို ကိုယ့်ဆွေမျိုး ကိုယ့်မိဘလိုပဲ သဘောထားလိုက်ပါ…
၁၀) “ကိုက ချစ်စိတ်ကို ချစ်သူငယ်ချင်းတွေလောက်တောင် နားမလည်ပါလား”
ကိုယ့်ချစ်သူကို ကိုယ့်ရဲ့  သူငယ်ချင်းတွေနဲ့လဲ မနှိုင်းနဲ့ ကိုယ့်သူငယ်ချင်းရဲ့  ရည်းစားတွေနဲ့လည်း မနှိုင်းနဲ့… ဖြစ်နိုင်ရင် ဘယ်သူနဲ့မှ မနှိုင်းပါနဲ့… ကိုယ့်ချစ်သူကလည်း ကိုယ့်ကို အတတ်နိုင်ဆုံး အလိုလိုက်နေတာပဲ… ချို့ ယွင်းချက်လေးတွေတော့ရှိမှာပေါ့… (အလိုမလိုက်တဲ့ချစ်သူဆိုရင်တော့ တမျိုးပေါ့နော်…) ကိုယ်က သဘောထားကြီး နိုင်သလောက်ကြီးပေးထားပါ… အတိုင်းအတာတစ်ခုအထိပေါ့…


အခုပြောသွားတဲ့ အချက်တွေရယ်… ချစ်သူ/ရည်းစာ (ကောင်မလေး) ကို မပြောသင့်သော စကား (၁၀)ခွန်း
ပို့စ်ထဲက အချက်တွေရယ်ဟာ… ကောင်လေးက ဒီအချက်တွေ မလုပ်ရဘူး ကောင်မလေးက ဒီအချက်တွေလုပ်လို့ရတယ်… ကောင်မလေးက ဟိုအချက်တွေ မလုပ်ရဘူး ကောင်လေးက ဟိုအချက်တွေလုပ်လို့ရတယ်… ရယ်လို့ မဟုတ်ပါဘူး… ကောင်လေးရော ကောင်မလေးရော… ဖေါ်ပြသွားခဲ့တဲ့ အချက်တွေကို ရှောင်နိုင်ရင်အကောင်းဆုံးပါပဲ…
ချစ်သူအားလုံး ပျော်ရွှင်စွာ ထာဝရ လက်တွဲသွားနိုင်ကြပါစေ…

Sunday, May 2, 2010

အချစ်ဇာတ်လမ်းလေး...

ဧပရယ် ၁ မှာ… ငါလေချစ်ခဲ့လို့ …

ဧပရယ် ၉ မှာ အသေလိုက်ပိုးမယ်ကြံတုန်း…

သင်္ကြန်ရက်မှာ ငါ့အကြံဖျက်လိုက်ရပြီး…

သင်္ကြန်ပြီးမှာ… ငါနဲ့မင်းနီးတော့မယ်…

ဧပရယ် ၂၀ မှာ မင်းအိမ်လိုက်လည်ချင်ပေမယ့်…

သူငယ်ချင်းတောင် မဖြစ်သေးတဲ့ငါ…

ဒီလိုလုပ်လို့ ဘယ်ရဦးမလဲ…

၂၀၀၈ မှာ အချစ်စစ်တွေ့မယ်ဆိုလို့

ငါတပြုံးပြုံးဖြစ်ခဲ့ရတယ်…

မေ ၁၄ မှာ နင်လေ မပြေးနဲ့ …

ငါ့အချစ်တွေကို စာနာပေးလှဲ့ ဆိုတော့…

နင်က တလလောက် အချိန်ယူ တွေးမယ်တဲ့…

ဇွန် ၁၃ မှာ ငါပျော်ရွှင်ပြုံးနိုင်ဖို့…

နင့်ရဲ့  ချစ်စကားကြားရမယ် ကြံတုန်း…

အဖြေသွားမတောင်းခင်

ငါနေကောင်းဖြစ်တယ်လေ…

ဒါပေမယ့် အေးဆေးပါ…

နင့်ဆီကို ငါ မရောက် ရောက်အောင်လာခဲ့တာပဲဟာ…

ငါဘယ်လောက်ချစ်မှန်း နင်သိမှာပါ…

တကယ်ပါပဲ…

ဇွန် ၁၃မှာ ငါတကယ်ပြုံးနိုင်ခဲ့တယ်…

ငါအကြားချင်ဆုံး စကားသုံးလုံးကို

ငါကြားရခဲ့.. “ I Love You ” တဲ့…

အခုထိ နင်ကငါ့ရဲ့  အချစ်ဆုံးပါပဲ…