Sunday, July 18, 2010

ကောင်လေးနဲ့ ကောင်မလေး အကြောင်း (၁)


-->
ကောင်မလေး မနက်ကတည်းက ကောင်လေးရဲ့  မက်ဆေ့ခ်ျကို စောင့်နေခဲ့တယ်… ဖုန်းကို ပဲ ထုတ်ထုတ်ကြည့်နေမိလို့ လမ်းကူးတာတောင် ကားမကြည့်ပဲ ကူးဖြစ်ခဲ့တယ်… တော်သေးတာက ကားရှင်းနေလို့ပေါ့… ကောင်လေးမနေ့က ပြောထားတာက ဒီနေ့ သူတို့ ကျောင်းဆင်းရင် တွေ့ကြမယ်တဲ့… ကောင်လေးက ဒီလို အမြဲပြောနေကျပါ… ဒါပေမယ့် အမြဲ ပျက်ကွက်တာချည်းပဲ… ဒီတော့ ကောင်မလေးလဲ ဒီတစ်ခါသိပ်မမျှော်လင့်ရဲဘူး…
ကျောင်းခန်းထဲရောက်လို့ စာသင်နေချိန်မှာလည်း ကောင်လေးဆီက ဘာအဆက်အသွယ်မှ မရခဲ့ဘူး… ကောင်မလေးဘက်က စပြီးဆက်သွယ်လည်းရပါတယ်… ဒါပေမယ့် ကောင်မလေးက မာနတစ်ခွဲသားနဲ့ သူကြင်မှ ငါကြင်မယ်ဆိုတဲ့ အစားထဲကလေ… ဒီလိုနဲ့ နေ့လည်စာ စားတဲ့ အချိန်မှာလား ဘာအဆက်အသွယ်မှ မရခဲ့ဘူး…
ကောင်မလေး အရင်နေ့တွေဆိုရင် ကောင်လေးက စာဂျပိုးမှန်းသိတော့ ဒီလောက်အထိ ကောင်လေးရဲ့  အဆက်အသွယ်ကို မျှော်လေ့မရှိဘူး… ဒီနေ့ကတော့ သူတို့ နှစ်ယောက်ရဲ့  လပတ်လည်လေ… သူတို့က လတိုင်းလတိုင်း တန်ဖိုးထားပြီး ကျင်းပလေ့ရှိတဲ့ နေ့တစ်နေ့ပေါ့… ကောင်မလေးဘက်က ပိုပြီး အလေးထားတယ်ဆိုရင် ပိုမှန်မယ်… အဲဒီနေ့ ရောက်ရင် သူမကပဲ အမြဲတမ်း စစပြီး သတိပေးတာ … ဒါပေမယ့် ကြာလာတော့ မတရားဘူးထင်လာပြီး ကောင်လေး စပြောမှပဲ သူမပြောတော့မယ်ဆိုပြီး စိတ်ဆုံးဖြတ်ထားတယ်…
ကောင်လေးဆီက အဆက်အသွယ်ကို သူမထပ်မမျှော်တော့ဘူး… ပြီးတော့ မနေ့ကလည်း သူတို့ ကျောင်း အပြီးတွေ့ မယ်ဆိုပြီး ချိန်းထားတာ ကောင်လေးဘက်ကပဲ စပြီး ပျက်ကွက်ခဲ့တယ်ဆိုတော့ ဒီနေ့လည်း ဒီအချိုးပဲ လာလိမ့်မယ်လို့ ကောင်မလေးထင်ထားတယ်… တကယ်တော့လည်း သူမထင်ထားသလိုပါပဲ ညနေ ကျောင်းဆင်းခါနီး ကောင်လေးဆီက မက်ဆေ့ခ်ျဝင်လာခဲ့တယ်… ဒီနေ့ လပတ်လည်နေ့မှန်းသူသိပါတယ်တဲ့ … ဒါပေမယ့်... သူဒီနေ့ ပရော်ဂျက်တွေနဲ့ ဒက်လိုင်း တွေနဲ့ ရှုပ်နေလို့ မနက်ဖြန်မှပဲ တွေ့တော့မယ်လို့ ကတိပေးပါတယ်တဲ့… အရမ်းချစ်ပါတယ်တဲ့…
ကောင်မလေးက ဒီလို ဖြစ်မယ်မှန်း အစကတည်းက ရိပ်မိနေပေမယ့်… ဒေါသတော့ဖြစ်မိတယ်… ကောင်လေးဆီဖုန်းကောက်ဆက်ပြီး ပြဿနာရှာလိုက်တယ်… ကောင်လေးကို အပြစ်တင်တယ်… ထွက်ပေါက် အမျိုးမျိုးရှာပြီး ဒေါသထွက်လိုက်တယ်… သူမပြောချင်ရာပြော ဒေါသထွက်ချင်သလိုထွက်နေတာကို ကောင်လေးက မဟုတ်ပါဘူး… ဆိုတဲ့ စကားတစ်ခွန်းထဲနဲ့ပဲ ဖြေရှင်းတယ်… ကောင်မလေး ပြောလို့ ၀လို့ ဖုန်းချလိုက်ပြီးမှ… ကောင်မလေး စိုးရိမ်မိတယ်… ကောင်လေးဘက် က ဘယ်လောက်ပဲ ပျက်ကွက် ပျက်ကွက် သစ္စာမဖောက်သ၍ သူမ က ကောင်လေးကို မဆုံးရှုံးချင်ဘူးလေ… ဒီတော့ သူမခုနက သူ့ကို အော်ဟစ်ကျိမ်းမောင်းခဲ့တာတွေကို ထေမိအောင် … အရမ်းချစ်ပါတယ် ဆိုတဲ့ မက်ဆေ့ခ်ျလေးကို ကောင်လေးဆီပြန်ပို့ခဲ့တယ်…
ဒါပေမယ့် သူမက ကောင်လေးကို ဒေါသထွက်နေတုန်းပဲ… စိတ်လိုက်မာန်ပါလုပ်လို့ ဆုံးရှုံးမှာကြောက်လို့သာ အလျှော့ပေးချင်ယောင်ဆောင်ခဲ့တာ စိတ်ကတော့ဆိုးတုန်းပဲ… ဒါကြောင့် ကောင်လေးကို သူမဘက်ကစပြီး အဆက်အသွယ် မလုပ်ဘူး… ကောင်လေးက အဆက်အသွယ်လုပ်မှပဲ စကားပြန်ပြောတယ်… ဒါပေမယ့် သူမဒီလိုလုပ်တာလည်း အရာတော့ မရောက်ပါဘူး… ကောင်လေးက သိမှမသိပဲကိုး…
နောက်နေ့လည်း ကောင်မလေးဘက်ကစပြီး ကောင်လေးဒီနေ့ တွေ့မယ်လို့ ကတိပေးထားတဲ့ အကြောင်းတွေကို ဘာမှ အစမဖော်သလို မျှော်လည်း မမျှော်လင့်တော့ပဲ ကျောင်းက စောစောပြီးတဲ့ အတွက် ကျောင်းနားက ဘက်စ်ကားဂိတ်ကို နေပူကျဲကျဲထဲ လမ်းလျှောက်လာခဲ့တယ်… ဒီအချိန်မှာ ကောင်လေးဆီက ဖုန်းဝင်လာတယ်… ဘယ်မှာလဲလို့ ကောင်လေးက မေးတော့ ကောင်မလေး ကျောင်းနားမှာပဲ ရှိတာသိတာနဲ့… အပြင်မှာ နေအရမ်းပူနေတယ်တဲ့… ကျောင်းထဲပြန်သွားပြီး ကျောင်းမှာ စောင့်နေပါတဲ့…
ကောင်မလေးကလည်း အံ့သြသွားတယ်… ဘာလို့လဲဆိုတော့ ကောင်လေးက ကောင်မလေးရဲ့  ကျောင်းကို တော်ရုံတန်ရုံလာခဲတာကိုး… ကောင်လေးရဲ့  အိမ်နဲ့ သူမကျောင်းနဲ့ နဲနဲဝေးတာက တကြောင်း… စာဂျပိုးဆိုတော့ စာမလုပ်ရတဲ့ မိနစ် စက္ကန့်တိုင်းက အချိန်ကို ဖြုန်းတီးတာနဲ့တူတယ်လို့ မှတ်ယူထားတာက တကြောင်းကြောင့် သိပ်မရောက်လာဖြစ်ဘူး… ဒီနေ့တော့ လာမယ်ဆိုတော့ သူပြောတဲ့အတိုင်း ကျောင်းထဲပြန်ဝင်ပြီး အေးအေးဆေးဆေး ထိုင်စောင့်နေလိုက်တယ်…
နောက် တစ်နာရီလောက်နေတော့ ကောင်လေး ရောက်လာခဲ့တယ်… နေပူထဲမှာ ပြေးလာရတဲ့ ပုံပဲ ချွေးတရွှဲရွှဲနဲ့ ဟောဟဲဟောဟဲကို ဖြစ်လို့… လက်ထဲမှာလဲ ညစာပါလာတယ်ဆိုတော့ သူတို့ ကျောင်းမှာပဲနေဖြစ်မယ့် သဘော… သူတို့ နှစ်ယောက် ချိန်းတွေ့ လိုက်ရင်လည်း ကောင်လေးရဲ့  ကျောင်း ဒါမှမဟုတ်… ကောင်လေး အိမ်နားက လိုင်ဘရေရီ… လိုမျိုး စာလုပ်လို့ ရတဲ့ နေရာတွေမှာချည်းပဲလေ… ကောင်လေးက အမြဲစာလုပ်ချင်နေတာကိုး… ကောင်မလေးကလဲ ရုပ်ရှင်ကြိုက်သမားဆိုတော့ အလိုက်သင့်ပဲကောင်လေး အလိုကိုလိုက်လိုက်တယ်… သူစာလုပ်နေတုန်း သူမလဲ သူမလက်ပ်တော့ပ်ထဲက ရုပ်ရှင်တွေထိုင်ကြည့်နေလို့ ရတယ်လေ… ကောင်လေးကလဲ သူမကို စာလုပ်ဖို့ပြောပါတယ်… သူမကိုက မလုပ်ချင်တာ…
ကောင်လေး ကောင်မလေးဘေးဝင်ထိုင်တော့ မေးတယ်… ဒီနေ့ ဘာနေ့လဲ သိလားတဲ့… ဒါနဲ့ကောင်မလေးက အဲဒါမနေ့တုန်းက ပြောရမယ့် စကားလို့ ပြောတော့… ကောင်လေးက… မဟုတ်ဘူးတဲ့ ဒီနေ့က မှတကယ့် အထိမ်းအမှတ်နေ့တဲ့… ဒီလိုနဲ့ ကောင်မလေးနဲ့ ကောင်လေး စကား အခြေအတင် ရန်ဖြစ်ကြပါတော့တယ်…
အမှန်က ကောင်လေးက ကောင်မလေးကို စပြီး ရည်းစားစကားပြောတဲ့နေ့က ၁၄ရက်နေ့… ကောင်မလေးက ကောင်လေးက အဖြေပြန်ပေးတဲ့နေ့က ၁၃ရက်နေ့ သောကြာနေ့… ကောင်မလေးက ၁၃ရက်နေ့ကို နှစ်ပတ်လည်နေ့ / လပတ်လည်နေ့ အဖြစ်ထားတာ ကြိုက်တယ်… ဘာလို့လဲဆိုတော့ ကောင်မလေးက အဲဒီနေ့လေးကို ထူးထူးခြားခြားနေ့လေးလို့ ထင်လို့ အဲဒီနေ့က တချို့ လူတွေက နိမိတ်မကောင်းဘူး လို့ထင်တဲ့ Friday the 13th လေ… ပြီးတော့ ကောင်မလေး အဖြေပေးလို့ သာ သူတို့ နှစ်ယောက်ရည်းစားဖြစ်ရတာဆိုပြီး ကောင်မလေးက အဲဒီနေ့လေးကို သတ်မှတ်ချင်တာ…
ဒါပေမယ့် ကောင်လေးကတော့ အဲဒီနေ့က ၁၃ ဖြစ်တဲ့အတွက် မယူသင့်ဘူးထင်ပြီး ၁၄ရက်နေ့ကိုပဲ သူတို့ နှစ်ယောက်ရဲ့  ချစ်သူများနေ့ အဖြစ်ထားချင်တာ… ပြီးတော့ သူက ချစ်တယ်ဆိုတဲ့ စကားစပြောလို့သာ သူတို့ နှစ်ယောက် ချစ်သူဖြစ်ဖို့ အကြောင်းဖန်လာတာဆိုပြီး ကတ်သီးကတ်သပ်ပြောတယ်… အင်း… ဒီပြဿနာကတော့ သူတို့ နှစ်ယောက် လတိုင်းလိုလို စကားများရတဲ့ အကြောင်းအရာတစ်ခုပေါ့လေ… ဘယ်သူမှန်လဲတော့ အခုထိ သေသေချာချာ မဆုံးဖြတ်ရသေးဘူး ဆိုပဲ… သူတို့ကို ကူညီလိုက်ကြပါဦးနော်…
ခင်မင်စွာဖြင့်
ယမမင်းလေး

Monday, July 12, 2010

Vitamin C အကြောင်း တစေ့တစောင်း



-->
ဒီတစ်ခါတော့ Vitamin C အကြောင်း ဆွေးနွေးကြရအောင်… အရင်လိုပဲ… လိုအပ်တာလေးတွေ မှားနေတာလေးတွေရှိရင် အောက်က ကွန်မန့်မှာ ချန်ထားပေးခဲ့ပါနော်…
Vitamin C ကို သာမန်အဖျားတို့ အအေးမိတာတို့မှ ကာကွယ်ဖို့ အတွက် သောက်သုံးလေ့ရှိပါတယ်… အရိုးတွေ နဲ့ တစ်ရှူးတွေ ရှင်သန်ဖို့နဲ့ သူ့အလိုလို ပြုပြင်ကောင်းမွန်သွားဖို့ အတွက်လည်း အထောက်အကူဖြစ်ပါတယ်… သွေးနီဥတို့ ပွားများကြီးထွားရာမှာလဲ အသုံးဝင်ပါတယ်… ထို့ကြောင့် အနာတွေ မြန်မြန်ကျက်ချင်တာတို့ အဖျားမြန်မြန်ကျချင်တာတို့ ဆိုရင် Vitamin C supplements တွေကို တွဲဖက်သောက်သုံးလေ့ရှိပါတယ်… Vitamin C ကဦးနှောက် ဆိုင်ရာ လည်ပတ်မှုတွေမှာလည်း အထောက်အကူပြုပါတယ်…
Vitamin C ကို အစားအသောက်များမှ ရနိုင်တာ လူတိုင်းအသိပါ… အသီးအနှံ၊ အသီးအရွက်တိုင်းမှာ Vitamin C သူ့ အချိုးအစားနဲ့ သူ အနည်းနဲ့ အများပါဝင်ပါတယ်… အောက်ဖော်ပြပါ ဇယားကတော့ internet ကျမ်းကို ကိုးကားထားတာပါ…
အသီးအနှံ/အသီးအရွက် အမည်
အသီးအနှံ/အသီးအရွက် ၁၀၀ ဂရမ်တွင် ပါဝင်သော Vitamin C (မီလီဂရမ်)
နာနတ်သီး
၁၅ မီလီဂရမ်
ဇီးသီး
၁၀ မီလီဂရမ်
လိုင်ချီး
၇၂ မီလီဂရမ်
စပျစ်သီး
၁၁ မီလီဂရမ်
သံပရာရည်
၂၉ မီလီဂရမ်
ရှောက်ရည်
၄၆ မီလီဂရမ်
လိမ္မော်သီး
၅၃ မီလီဂရမ်
သင်္ဘောသီး
၆၂ မီလီဂရမ်
စတော်ဘယ်ရီ
၅၇ မီလီဂရမ်
ခရမ်းချဉ်သီး
၁၀ မီလီဂရမ်
ဖရဲသီး
၁၀ မီလီဂရမ်
နောက်ထပ် ဇယားတစ်ခုကတော့ အသက်အရွယ် ကျား/မကို လိုက်ပြီး တစ်နေ့ကို Vitamin C ပမာဏ ဘယ်လောက်လိုအပ်လဲ ဆိုတာကို ပြတာပါ… online ကျမ်းကို ကိုးကားထားတာပါပဲ…
အသက်အရွယ်
(ကျား/မ)
လိုအပ်သော Vitamin C ပမာဏ (မီလီဂရမ်)
မွေးကင်းစမှ ၆လသား
၄၀ မီလီဂရမ်
၇လသားမှ ၁နှစ်သား
၅၀ မီလီဂရမ်
၁နှစ် မှ ၃နှစ်
၁၅ မီလီဂရမ်
၎နှစ် မှ ၈နှစ်
၂၄ မီလီဂရမ်
၉နှစ် မှ ၁၃နှစ်
၄၅ မီလီဂရမ်
အသက်အရွယ်
(မ)
လိုအပ်သော Vitamin C ပမာဏ (မီလီဂရမ်)
၁၄နှစ် မှ ၁၈နှစ်
၆၅ မီလီဂရမ်
၁၉နှစ် နှင့် အထက်
၇၅ မီလီဂရမ်
ကိုယ်ဝန်ဆောင်ချိန်ကာလ
၈၅ မီလီဂရမ်
နို့ချိုတိုက်ကျွေးချိန်ကာလ
၁၂၀ မီလီဂရမ်
အသက်အရွယ်
(ကျား)
လိုအပ်သော Vitamin C ပမာဏ (မီလီဂရမ်)
၁၄နှစ် မှ ၁၈နှစ်
၇၅ မီလီဂရမ်
၁၉နှစ် နှင့် အထက်
၉၀ မီလီဂရမ်
Vitamin C ကို ပုံမှန်ထက် လိုအပ်တဲ့ လူတွေကတော့ အားကစားသမားများ၊ ချွေးထွက်လွန်သော လုပ်သားများ၊ အရက်သောက်သူများ နှင့် ဆေးလိပ်သောက်သူများ (အရက်သောက်ခြင်းနှင့် ဆေးလိပ်သောက်ခြင်းက ကိုယ်တွင်း ရှိပြီးသား Vitamin C ပမာဏအများအပြားကို လျော့နည်းစေနိုင်ပါတယ်)၊ စိတ်ဖိစီးမှုများသောသူများနှင့် စိတ်ဓာတ်ကျနေသူများ ဖြစ်ကြပါတယ်…
Vitamin C ချို့ တဲ့လျှင်ဖြစ်ပေါ်သော လက္ခာဏာတွေမှာ - ဒဏ်ရာ/အနာများ အလွယ်တကူ မကျက်နိုင်ခြင်း၊ မကြာခဏ အအေးမိလွယ်ခြင်း/ဖျားလွယ်ခြင်း၊ ကူးစက်ရောဂါများ အရလွယ်ခြင်း၊ မောပန်းလွယ်ခြင်း၊ အစာမကြေခြင်း၊ အရေပြားတွင် အစက်အပြောက်/ယားယံမှုများ ဖြစ်ခြင်း၊ သွားဖုံးများ အားနည်း၍ ထိခိုက်လွယ်ကာ သွေးထွက်လွယ်ခြင်းနှင့် သွားကျိုးလွယ်ခြင်း တို့ပဲ ဖြစ်ပါတယ်…
Vitamin C ဟာအရည်မှာ ပျော်ဝင်နိုင်နှုန်းများတဲ့အတွက် တော်ရုံတန်ရုံ ပမာဏများများ သုံးစွဲမိရုံနဲ့ အန္တရာယ်မဖြစ်နိုင်ပါဘူး… ဘာလို့လဲဆိုတော့… Vitamin C ကဆီးထဲမှာ ပျော်ဝင်ပြီး အပြင်ကို စွန့်ထုတ်နိုင်လို့ပါ… အလွန်အကျွံများတဲ့ ပမာဏစားသုံးမိမယ်/ သောက်သုံးမိမယ် ဆိုရင်တော့ ဗိုက်အောင့်ခြင်း၊ ၀မ်းဗိုက် မအီမလည် ဖြစ်ခြင်း နှင့် ၀မ်းလျှောခြင်း အစရှိသော ၀မ်းဗိုက်ပိုင်းဆိုင်ရာ ပြဿာနာတွေ ဖြစ်လာနိုင်ပါတယ်… သို့သော်… Vitamin C သုံးစွဲခြင်း ပမာဏကို လျှော့လိုက်မယ်ဆိုရင် ထို ဘေးထွက်ဆိုးကျိုးတွေ ချက်ခြင်း ရပ်သွားမှာဖြစ်ပါတယ်… ဘယ်လောက် ပမာဏကို အလွန်အကျွံများတာလဲဟု မေးလာလျှင်တော့ လူတစ်ယောက်ခြင်းဆီရဲ့  Vitamin C လက်ခံနိုင်မှုနဲ့ ဆိုင်ပါတယ်… တချို့  လူတွေဆိုရင် တစ်နေ့ကို Vitamin C ၂၅,၀၀၀ မီလီဂရမ်လောက် စားသုံးတာတောင် ဘာမှမဖြစ်ပေမယ့် တချို့  လူတွေမှာကျတော့ ၆၀၀ မီလီဂရမ်လောက် စားသုံးတာနဲ့တင် ဘေးထွက်ဆိုးကျိုးတွေ ခံစားရတတ်ပါတယ်…

လူတိုင်း ကျန်းမာပျော်ရွှင်သော ဘ၀လေး ပိုင်ဆိုင်နိုင်ပါစေ…
ရေးသူ = ယမင်းဥမ္မာ (ယမမင်းလေး)
(၁၂.၀၇.၂၀၁၀ - ညနေ ၃နာရီ)

Thursday, July 8, 2010

Vitamin A အကြောင်း တစေ့တစောင်း



-->
ယမမင်းလေးက မတောက်တခေါက်နဲ့ ဘာမှ မသိပေမယ့် ကဗျာတွေချည်းပဲ တင်နေရတာ ပျင်းလာလို့… ဗစ်တာမင် အကြောင်း နဲနဲ ဆွေးနွေးချင်တယ်… ယမမင်းလေးက သိသလောက်ပြောပြမယ်… မှားနေတာ ရှိရင်… ဒါမှ မဟုတ် မပြည့်စုံတာရှိရင်… သူငယ်ချင်းတို့ သိသလောက် ကွန်မန့်မှာ ထားသွားပေးကြပါ… ကျေးဇူးတင်ပါတယ်… စစချင်း ဗစ်တာမင် အေ (vitamin A) အကြောင်းပြောကြည့်မယ်…
Vitamin A က အရိုးတွေသန်မာဖို့၊ အမြင်အာရုံကောင်းဖို့ နဲ့ ကျန်းမာတဲ့ အရေပြားပိုင်ဆိုင်ဖို့ အတွက် လိုအပ်ပါတယ်… သူက ဆဲလ်တွေ အသစ်ပွားများလာအောင် ကောင်းမွန်စွာရှင်သန်ကြီးထွားလာအောင်လည်း အထောက်အကူပြုပါတယ်… ရောဂါတွေကို ခုခံကာကွယ်တဲ့အင်အားကို လည်း လှုံ့ ဆော်ပေးပြန်တယ်… ပြီးတော့ အသုံးဝင်ဟောမုန်းတချို့  ကိုလည်း ဖန်တီးပေးတယ်…
Vitamin A နည်းရင် ဖြစ်တတ်တဲ့ လက္ခဏာကတော့ ရိုးရိုးသာမာန် အလင်းရောင်အားကောင်းတဲ့ နေရာမှာ (သို့မဟုတ်) နေ့ ဘက် အချိန် နေရောင်အောက်မှာ ဆိုရင်တော့ အမြင်အာရုံက ကြည်လင်ပြတ်သားပြီး ပုံမှန်ရှိပေမယ့်… အလင်းရောင်အားနဲ့တဲ့ အခါနဲ့ ညဘက်မှာ အမြင်အာရုံမကြည်လင်ခြင်းပါပဲ…
Vitamin A ရရှိဖို့ အတွက် စားသုံးရမှာတွေကတော့ … နွားနို့၊ ကြက်ဥ အနှစ်၊ မုန်လာဥနီ၊ အစိမ်းရောင် အသီးအရွက်၊ ရွှေဖရုံသီး၊ အာလူး၊ ကုစွန်းဥ၊ သရက်သီး အစရှိသော ၀ါသော အသီးအနှံများ နှင့် ငါကြီးဆီတို့ မှရနိုင်ပါတယ်…
အရာရာတိုင်းဟာ များလွန်းလျှင်လည်း မကောင်းပါဘူး… တန်းဆေးလွန်ဘေးပေါ့… ထို့ကြောင့် Vitamin A အရမ်းများလွန်းရင် ဖြစ်နိုင်တဲ့ ဘေးထွက်ဆိုးကျိုးတွေကတော့ … ခေါင်းကိုက်ခြင်း၊ မောပန်းခြင်း၊ အသည်း ထိခိုက်ခြင်း၊ အရေပြား မူမမှန်ခြင်း၊ ၀မ်းဗိုက်ဆိုင်ရာ ပြဿနာဖြစ်ခြင်း၊ အော့အန်ခြင်း၊ ကိုယ်ပူခြင်း၊ ချွေးထွက်လွန်ခြင်း နှင့် အခြားသော ဆိုးကျိုးတွေ ရရှိနိုင်ပါတယ်…
Vitamin A supplements တွေကို ဆရာဝန်တွေ ညွှန်ကြားမှသာသောက်သင့်ပါတယ်… ဘာလို့လဲဆိုတော့ ကိုယ်တို့ နေ့စဉ်စားသုံးတဲ့ အစားအစာတွေမှာ Vitamin A ပါဝင်ပြီးသားမို့ပါ… ဆရာဝန်တွေကလည်း ဘယ်အချိန်မှာ Vitamin A supplements တွေ မှီဝဲဖို့ တိုက်တွန်းတတ်လဲဆိုတော့… အမြင်အာရုံ ပြဿနာဖြစ်ခြင်း၊ ရင်သား ကင်ဆာဖြစ်ခြင်း၊ HIV ရောဂါကို အနည်းငယ် သက်သာစေခြင်း (ပျောက်နိုင်တဲ့ ရောဂါမှ မဟုတ်တာ)၊ ကိုယ်ဝန်ဆောင်စဉ် ဖြစ်ပေါ်တတ်တဲ့ ရောဂါများကို ခုခံစေခြင်း၊ အရေပြားရောဂါများဖြစ်ခြင်း နှင့် ပါးစပ်ဆိုင်ရာ ရောဂါများအတွက် သုံးတတ်ပါတယ်…
လူတိုင်း လူတိုင်း ကျန်းမာပျော်ရွှင်တဲ့ ဘ၀လေးကို ပိုင်ဆိုင်နိုင်ကြပါစေ…
ရေးသူ = ယမင်းဥမ္မာ (ယမမင်းလေး)
(၀၉.၀၇.၂၀၁၀ မနက် ၉.၃၀)