Monday, March 22, 2010

နှလုံးသားချင်းရင်းနှီးချင်တယ် (၂)


-->
ထွန်းမင်းနဲ့ လင်းလင်းတို့ ဒီလိုအကြည့်ချင်း စကားပြောနေကြပေမယ့်… သူတို့ တကယ်တမ်းအပြင်မှာတယောက်နဲ့ တယောက်စကားပြောဖူးကြတာမဟုတ်ဘူး… ထွန်းမင်းက ဒီလိုတယောက်ခံစားချက် တယောက်မသိတာတော့ မကောင်းသေးဘူးဆိုပြီး… သူလင်းလင်းအတွက် မိတ်ဆက်စာတစောင် စရေးတယ်… ရေးပြီးသူ့သူငယ်ချင်းရဲ့  ညီမကနေတဆင့် လင်းလင်းကို ပေးလိုက်တယ်… လင်းလင်းဖတ်ပြီးနောက် ရယ်ချင်သွားတယ်… ဘာလို့လဲ ဆိုတော့ ထွန်းမင်းရေးထားပုံက…

“သို့/- ညီမ… အစ်ကို့နာမည် ထွန်းမင်းပါ… အစ်ကိုနဲ့ ညီမ တွေ့တွေ့နေတာ နှစ်ဝက်လောက်တော့ရှိပြီနော်… ဒါပေမယ့် မျက်လုံးချင်းသာရင်းနှီးနေတယ်… လူချင်းမရင်းနှီးသေးဘူးဖြစ်နေတယ်… အဲဒါ ဘယ်လိုလုပ်ရင်ကောင်းမလဲ… အစ်ကိုနည်းလမ်း ရှာမရတာနဲ့ ညီမဆီအကူအညီ လှမ်းတောင်းတာ… နည်းလမ်းရှာတွေ့ရင် ချက်ချင်းစာကောက်ပြန်လိုက်ပါနော်…”
ဒီတော့ လူချင်းရင်းနှီးဖို့ လင်းလင်းကပဲ ကြံဆောင်ပေးရမလိုဖြစ်နေပြီ… ဒါနဲ့ လင်းလင်းကမဖြစ်သေးဘူးဆိုပြီး… ချက်ချင်းစာပြန်လိုက်တယ်…
“သို့/- အစ်ကို… ညီမ အမြင်နဲ့ပြောရရင် လူချင်းမရင်းနှီးခင် စိတ်ချင်းရင်းနှီးအောင် အရင်လုပ်တာကောင်းမယ်လို့ထင်တယ်… ဒီတော့ စာအဆက်အသွယ်နဲ့ပဲ ညီမတို့ခင်မင်ကြရအောင်…”

အဲဒီစာကို ထွန်းမင်းသူငယ်ချင်းရဲ့  ညီမလေးနဲ့ပဲ တဆင့်ပေးလိုက်တယ်… ထွန်းမင်းကလဲ လင်းလင်းရဲ့  အကြံကို လက်ခံပြီး… စာအဆက်အသွယ်နဲ့ ရင်းနှီးလာကြတာ ဒီလိုနဲ့ တယောက်အကြောင်းတယောက် နောကြေနေပြီ… ဒါပေမယ့် လင်းလင်းက လူချင်းရင်းနှီးဖို့ ကို ကန့်ကွက်နေတုန်းပဲ… ထွန်းမင်းကလည်း လင်းလင်းရဲ့  ဆုံးဖြတ်ချက်ကို တန်ဖိုးထားပြီး အတင်းအကြပ် မတိုက်တွန်းတော့ဘူး… တဖက်မှာလဲ ထွန်းမင်းရဲ့  မိဘတွေနဲ့ လင်းလင်းရဲ့  မိဘများကလည်း… အိမ်နီးချင်းတွေပီပီ အဝင်အထွက်ရှိနေကြတော့ လင်းလင်းက ဒီကိစ္စကို မိဘတွေနားမပေါက်ကြားစေချင်ဘူးလေ…

တနေ့ လင်းလင်းအိမ်မှာရှိနေတုန်း ထွန်းမင်းတို့အမေ လင်းလင်းတို့ အိမ်ကိုလာလည်တယ်… ဒီလိုပဲ တခါတလေ လာလည်နေကြလေ… လင်းလင်းက ကိုယ့်အခန်းထဲမှာကိုယ်နေပေမယ့်… အပြင်ကပြောတဲ့ စကားတွေကို အတိုင်းသားကြားနေရတယ်… လင်းလင်းအံ့သြသွားတဲ့စကားက ထွန်းမင်းအမေက လင်းလင်းအမေကို… “အစ်မ… ကျွန်မသား ထွန်းမင်းကိုသိတယ် မဟုတ်လား… သူက အစ်မရဲ့  သမီးလင်းလင်းကို ချစ်နေတယ်တဲ့… ကျွန်မနဲ့ ကျွန်မသားသမီးတွေက ဒီလိုကိစ္စတွေဆိုရင် ပွင့်ပွင့် လင်းလင်းပဲ… ဒါမှ မမှားသင့်တာ မမှားရအောင် အချိန်မှီထိန်းသိမ်းလို့ရမှာ…”… လင်းလင်းအမေကလည်း ရုတ်တရက်မို့ အံ့သြသွားပြီး… “သြော်… ဟုတ်လား… သမီးကတော့ ငယ်ပါသေးတယ်… သူကစာပဲကြိုးစားနေတာဆိုတော့ သူ့ရည်မှန်းချက်ပြည့်မှပဲ အချစ်ရေးကို စဉ်းစားလိမ့်မယ်ထင်ပါတယ်… ဒါနဲ့ ညီမအမျိုးသားဆီက ကျွန်မအမျိုးသားတောင်းထားတဲ့စာအုပ် ပြန်ပေးခိုင်းထားတယ်…” ဆိုပြီး… ထွန်းမင်းအမေ ပြောတဲ့ စကားကိုပိတ်လိုက်ပြီး တခြားစကားလွှဲလိုက်တယ်…

လင်းလင်း သူမကို ထွန်းမင်းချစ်နေတယ်ဆိုတဲ့ စကားကြားပြီးနောက်… လင်းလင်းအရမ်းရင်ခုန်သွားပြီး ပျော်သွားတယ်… ဒါပေမယ့် အဲဒီအပျော်က တစ်နာရီတောင်မခံလိုက်ပါဘူး… ထွန်းမင်းအမေပြန်သွားပြီး လင်းလင်းရဲ့  အဖေနဲ့အမေပြောနေတဲ့ စကားသံတွေကြားမှာပျောက်ကွယ်သွားတယ်… လင်းလင်းရဲ့ အမေက လင်းလင်းရဲ့  အဖေကို… “ခုနက… မဝေလာသွားတယ်… သူ့သားထွန်းမင်းက ကျွန်မတို့သမီးကို ချစ်နေတယ်တဲ့တော့…”လို့ပြောတော့ လင်းလင်းအဖေကနေ…“အဲဒါအဆန်းလား... လူပျိုပဲ အပျိုတယောက်ကို ချစ်ခွင့်ရှိတာပဲ…”…ဆိုတော့ လင်းလင်းအမေကပြန်ပြီး… “ရှင်ကလည်း…အဲဒီကောင်လေးက ရုပ်ကလေးသာရည်ရည်မွန်မွန်ရှိတာ… ဘွဲ့က Physics နဲ့ပဲပြီးထားတာလေ… ကျွန်မက ကျွန်မတို့သမီးကို ဆရာဝန်ကတော် အရာရှိကတော်ပဲလုပ်စေချင်တာတော့…”….

လင်းလင်းအဖေက ထပ်ပြီး… “ခင်ကလည်း… ကျုပ်တို့သမီးက ကတော်လုပ်ရမှ ဂုဏ်ရှိမျက်နှာရှိမှာမဟုတ်ဘူးလေ… သူကိုယ်တိုင်က ဆရာဝန်မကြီးဖြစ်ဖို့ ကြိုးစားနေတာခင်လည်းသိသားနဲ့”…လို့ ဆိုလာတော့… လင်းလင်းအမေက “ဘာပဲဖြစ်ဖြစ် ကိုယ့်သားသမီးကို တန်းတူရည်တူပညာဂုဏ်ချင်းတူတဲ့လူနဲ့ပဲ တွဲစေချင်တာမိဘတိုင်းရဲ့  ဆန္ဒပဲရှင်…” လို့ပြန်ပြီးပြောလိုက်တယ်…

ဒီမှာလင်းလင်းစိတ်ထဲ ရှင်းရှင်းသိလိုက်ရတာက… သူ့မိဘတွေက သူ့ကိုထွန်းမင်းနဲ့ တွဲရင်သဘောမတူမှာပဲ… ဒါပေမယ့် လင်းလင်းလဲ ထွန်းမင်းကိုချစ်နေပြီ… လုံးဝမေ့ပစ်လို့မရတော့မှန်း သူမသိတယ်… အချိန်တန်ရင် ကံတရားအတိုင်းဖြစ်လာမှာပဲဆိုပြီး… မှေးပြီးနေလာခဲ့လိုက်တာ… လင်းလင်းနဲ့ထွန်းမင်းတို့နှစ်ယောက် စာအဆက်အသွယ်နဲ့ပဲရင်းနှီးလာတာ ၂နှစ်နီးပါးတောင်ရှိလာပြီ… လင်းလင်းလဲ ထွန်းမင်းကချစ်တယ်လို့ ဖွင့်မပြောသေးပေမယ့်… ထွန်းမင်းက လင်းလင်းကိုချစ်တာသိနေသလို… ထွန်းမင်းကလဲ လင်းလင်းသူ့အပေါ် ဂရုစိုက်တာ သံယောဇဉ်ရှိတာတွေသိနေတယ်...

နောက်ပိုင်း ထွန်းမင်းရဲ့ စာတွေထဲမှာ ဝမ်းနည်းမှုတွေပါလာတာတွေ့ရတယ်…သူချစ်တဲ့ကောင်မလေးရဲ့  မိဘက သူ့လိုအညတရကို လက်မခံချင်လို့ သူကြိုးစားမှဖြစ်တော့မယ် ဆိုတာတွေလဲပါလာတယ်… သူချစ်တဲ့ကောင်မလေးဆိုတာ ဘယ်သူလဲလို့ ထွန်းမင်း တခါမှမပြောသလို… လင်းလင်းလဲ တခါမှမမေးခဲ့ဘူး… သူအဲဒီကောင်မလေးနဲ့နီးဖို့ နိုင်ငံခြားထွက်ပြီး ကြိုးစားဖို့စိတ်ကူးထားကြောင်း… ပြောလာတယ်… လင်းလင်းလဲ အံ့အားသင့်သွားပြီး… ထွန်းမင်းကို မသွားဖို့ တားချင်သေးတယ်… ဒါပေမယ့် ထွန်းမင်းရဲ့  တက်လမ်းကိုမတားဆီးချင်တာနဲ့ မပြောဖြစ်ပဲ… ညည အခန်းထဲမှာ တယောက်ထဲ မျက်ရည် ကျကျ နေမိတယ်…

ဒီလိုနဲ့ လင်းလင်းနဲ့ ထွန်းမင်းတို့ အဆက်အသွယ် ပြတ်သွားတယ်ဆိုပါတော့… ထွန်းမင်းကတော့ ပြောခဲ့တယ်… သူ နှစ်နှစ်လောက်နေရင် ပြန်လာမယ်တဲ့… ဒါပေမယ့်… နှစ်နှစ်မပြည့်ခင်မှာပဲ… လင်းလင်းရဲ့  အဖေတာဝန်နဲ့ နယ်ပြောင်းရတယ်… မန္တလေးကိုလေ… ဒီတော့ လင်းလင်းလဲ မန္တလေးမှာပဲ ဆေးကျောင်းတက်ရတော့မယ်… ထွန်းမင်းပြန်အလာကို စောင့်နေမယ်ဆိုတဲ့ ကတိကိုလည်း သူမ မထိန်းနိုင်တော့ဘူး… သူမဘ၀ကို သူမပိုင်တာမှမဟုတ်ပဲ… သူမ မိဘသွားရာကို လိုက်ရတော့မှာပေါ့… ပြီးတော့ ထွန်းမင်းပြောတဲ့ သူချစ်တဲ့ကောင်မလေးဆိုတာ… သူမ ဟုတ်ချင်မှ ဟုတ်မှာပါဆိုပြီး တွေးမိလာတယ်…

သူမ မန္တလေးကို ပြောင်းသွားပြီး တစ်နှစ် အကြာမှာ ထွန်းမင်း ရန်ကုန်ကို ပြန်ရောက်လာခဲ့တယ်… ဒါပေမယ့် သူအရမ်းတွေ့ချင်တဲ့ လင်းလင်းနဲ့ မတွေ့ရတော့ဘူးလေ… သူနိုင်ငံခြားသွားတာလဲ ဘာမှထူးခြားမှုမရှိလာခဲ့ဘူး… ရရတာနဲ့ သုံးတာကာမိရုံလောက်ပဲမို့ အတွေ့အကြုံကလွဲလို့ သူဘာမှမစုဆောင်းမိခဲ့ဘူး… သူလင်းလင်းနဲ့ မနီးစပ်နိုင်တဲ့အဆုံး… သူရခဲ့တဲ့ အတွေ့ အကြုံနဲ့ပဲ အရင်းအနှီးလုပ်ပြီး နိုင်ငံခြားထပ်ထွက်လာခဲ့တယ်… သူ့ဘ၀ကိုလဲ အလုပ်ထဲမှာပဲ မြုံပ်နှံထားခဲ့တယ်…

..........................................
ဆက်ရန်.....
ကွန်မန့်လေးတွေထားခဲ့ပြီး... ထင်မြင်ချက်လေးတွေ ဝေဖန်မှုလေးတွေလုပ်ပေးပါဦး...

2 comments:

@@@ said...

ယမင်းရေ .. ဖတ်ပြီးပြီ။ ဆက်ရေးဦး .. ဆက်အားပေးမယ်

(ဆရာမ)

Yaminnie’s Daydream said...

Thanks for reading ဆရာမ... :)