Tuesday, January 17, 2012

ဗိုက်ချပ်လိုသူများအတွက် လမ်းညွှန်

ဗိုက်ချပ်လိုသူများအတွက် လမ်းညွှန်
အောက်ပါအချက်လေးတွေဟာ သူငယ်ချင်းတို့ သိပြီးသားလေးတွေ ဖြစ်နိုင်သလို မသိသေးတာလေးတွေလည်း ဖြစ်နိုင်တဲ့အတွက် အချိန်ယူပြီး ဖတ်ကြည့်လိုက်ကြပါနော်… J
၁) အဆီနည်းတဲ့ အစာ စားပါ
အမျှင်ဓာတ်များများပါဝင်တဲ့ အသီးအရွက်တို့ကို ပုံမှန်စားသုံးပေးပါ… (ဥပမာ ပန်းသီး, စတော်ဘယ်ရီ, အစိမ်းရောင် ဇီးသီး, ပဲသီး, မုန်လာဥနီ, ပန်းဂေါ်ဖီ, အစရှိသည်ဖြင့်)… အသားမှာဆိုရင်လည်း အဆီများတဲ့ အသားတွေကို ရှောင်ပြီး အဆီနည်းကာ အသားဓာတ် အများဆုံးရသော အစိတ်အပိုင်းဖြစ်တဲ့ ကြက်ရင်ပုံသားမျိုးကို စားသုံးပေးပါ… ဆန်မှာဆိုရင်လည်း brown rice လိုဆန်မျိုးကို စားသုံးလျှင် အားလဲရှိပြီး အဆီလဲမတက်စေပါဘူး… အဓိက ရှောင်ရန်တွေကတော့ ဆီကြော်လို မုန့်ပဲသရေစာများ, fast food နဲ့ အရောင်ရင့်သော အသားများ (ဥပမာ ဘဲသား, အမည်းသား, သိုးသား စသဖြင့်)…
၂) ရေများများသောက်ပါ
ရေများများသောက်လေ ဗိုက်က အဆီတွေကျလေပါပဲ… ရေကို တစ်နေ့တစ်နေ့ လုံလောက်စွာ မသောက်ဘူးဆိုရင် ခန္ဒာကိုယ်က အဆီတွေကို ချေဖျက်ရာမှာ အရေးပါတဲ့ အသည်းဟာ အလုပ်လုပ်တာ နှေးလာပါတယ်… နှေးလာတာနဲ့ အမျှ အဆီတွေကို မြန်မြန် မချေဖျက်ပေးနိုင်တော့ပဲ ဗိုက်ထဲမှာသာ အဆီတွေ စုပုံလာပြီး ဗိုက်ခေါက်ကြီးထူလာတတ်ပါတယ်… ဒီတော့ အသည်းဟာ ဗိုက်ထဲက အဆီတွေကို မြန်ဆန်ကောင်းမွန်စွာ ချေဖျက်ပေးနိုင်ဖို့အတွက် ရေများများသာ သောက်သုံးပေးပါ… ဖြစ်နိုင်ရင် တစ်နေ့ကိုရေ တစ်ဂါလံလောက် သောက်ပေးပါ… ရေချည်းပဲ မသောက်ချင်ဘူးဆိုရင် သဘာ၀ သစ်သီးဖျော်ရည်လေးတွေနဲ့ တွဲပြီး သောက်ပေးနိုင်ပါတယ်…
၃) လမ်းလျှောက်ပါ
လေ့ကျင့်ခန်း သီးသန့်သွားလုပ်နေဖို့ အချိန်မရှိဘူးဆိုရင်တောင်မှ လမ်းကို ပုံမှန်လျှောက်ပေးပါ… အိမ်ကနေ ကျောင်းကို သွားတာ နီးနီးလေးဆိုရင် စက်ဘီးတွေ ဘတ်စ်ကားတွေ စီးမနေပါနဲ့ အိပ်ရာက နည်းနည်းစောစောထ အချိန်လေး နည်းနည်းယူပြီး လမ်းလျှောက်သွားလိုက်ပါ… အိမ်ကနေ အလုပ်ကို ဝေးတယ် ဘတ်စ်ကားတော်တော်စီးပြီး သွားရတာဆိုရင်လည်း အလုပ်က မှတ်တိုင်မရောက်ခင် တစ်ဂိတ် နှစ်ဂိတ်လောက် ကြိုဆင်းပြီး လမ်းလျှောက်သွားလိုက်ရင် အဆင်ပြေပါတယ်… မနက်ခင်းမှာ လမ်းလျှောက်တာဟာ ဗိုက်ထဲက အဆီတွေကို ဖြည်းဖြည်းချင်း ကျစေသလို တစ်နေ့တာလုံးအတွက်လည်း လန်းဆန်းတက်ကြွ နေစေပါတယ်…
၄) ဗိုက်လေ့ကျင့်ခန်းလုပ်ပါ
တစ်နေ့ကို အိပ်ထမတင် အကြိမ် ၃၀ ခန့်, ထိုင်ထ အကြိမ် ၄၀ခန့်, ပလက်အနေအထားဖြင့် ခြေထောက်စုံမြှောက်တင်မှုကို အကြိမ် ၃၀ခန့် လောက် ပုံမှန်လုပ်ပေးသွားရင် အဆီတွေကျပြီး ဗိုက်ချပ်လာမှာ အမှန်ပါပဲ… ထို့အပြင် တစ်ပတ်ကို ၂ခါလောက် ပုံမှန် စနစ်တကျ ရေကူးပေးခြင်းဟာလည်း သိသာစွာ ဗိုက်ချပ်လာစေတဲ့ နည်းဖြစ်ပါတယ်…
၅) ညစာမစားခြင်းကို ရှောင်ပါ
ဗိုက်ချပ်ချင်သော ပိန်ချင်သောသူ တော်တော်များများ လုပ်လေ့ရှိတာကတော့ ညစာရှောင်ခြင်းပဲဖြစ်ပါတယ်… ဒါပေမယ့် ထို အယူအဆဟာ မှားယွင်းတဲ့ အယူလို့ ဆရာဝန်များကပြောကြပါတယ်… ညစာမစားလို့ ဗိုက်က အဆီတွေကျလာမှာ မဟုတ်တဲ့အပြင် ဗိုက်ထဲမှာ အစားအစာမရှိတဲ့အတွက် အဆီချေဖျက်နှုန်းကလည်း ကျဆင်းလာမှာ ဖြစ်ပါတယ်… ဒါ့ကြောင့် မနက်စာလည်း မရှောင်ပါနဲ့ နေ့လည်စာလည်း မရှောင်ပါနဲ့ ညစာကိုလည်း မရှောင်ကြပါနဲ့… စားမှာသာစား… သင့်တော်တာတဲ့ အစားအစာတွေကို ပုံမှန်စားကြဖို့ လိုအပ်ပါတယ်…
၆) အရက်သေစာရှောင်ရှားပါ
အရက်တို့ ဘီယာတို့ကို တတ်နိုင်သလောက် ရှောင်ဖို့ပါပဲ… ဗိုက်ချပ်ချင်တယ်ဆိုရင်တော့ တဖြည်းဖြည်းနဲ့ လျှော့လျှော့သောက်ကြည့်ပါ…
နိဂုံးချုပ်နေနဲ့ ပြောချင်တာကတော့ မှန်ကန်တဲ့ ဆောင်ရန် ရှောင်ရန် အရာများနဲ့ မှန်ကန်တဲ့ လေ့ကျင့်ခန်းတို့ကို စိတ်အားထက်သန်စွာ ပုံမှန် ကြိုးစားလုပ်ဆောင် သွားကြမယ်ဆိုရင်တော့ ပူနေတဲ့ ဗိုက်ကလေးတွေကို အလျင်အမြန် ချပ်သွားစေမှာ ဖြစ်ပါတယ်…
ရေးသူ = ယမမင်းလေး (ဘာသာပြန်)