Friday, April 30, 2010

ချစ်သူ/ရည်းစာ (ကောင်မလေး) ကို မပြောသင့်သော စကား (၁၀)ခွန်း


-->
၁) “ချစ်ရဲ့  မွေးနေ့က ဘယ်နေ့လဲ… ကိုမေ့သွားလို့”…
မွေးနေ့တင်မကပါဘူး … ချစ်သူရည်းစားစဖြစ်တဲ့နေ့ စသည်တို့ကိုလည်း မေ့သွားတာတောင် ပြန်မမေးသင့်ဘူးနော်… မိန်းကလေးတွေက ဒါတွေနဲ့ ပတ်သက်ရင် သူတို့ ချစ်တဲ့ ကောင်လေးကို အမြဲသတိရနေစေချင်တာ…

၂) “ချစ် ဒီအကျီနဲ့ ဆိုရင် ၀တယ်လို့ ထင်ရတယ်…”
ကိုယ့်ချစ်သူကို ၀တယ်ထင်ထင် ပိန်လွန်းတယ်ထင်ထင် ဖွင့်မပြောပါနဲ့… မိန်းကလေးတွေက ၀တယ်လို့ ပြောတာမကြိုက်သလို ပိန်လွန်းတယ်လို့ ပြောတာလဲ မကြိုက်ကျပါဘူး…

၃) “မနေ့က ကို့သူငယ်ချင်း တယောက်က ပြောတယ် ချစ်ကို ကို့ရဲ့ အစ်မထင်နေတာတဲ့”
ဒီစကားလည်း မပြောမိစေနဲ့နော်… အစ်မဆိုတော့ ကိုယ့်ချစ်သူကောင်လေးထက် ကိုယ်က ပိုပြီး အသက်ကြီးနေတယ်လို့ သူများတွေထင်တာခံရတော့ ရှက်တာပေါ့… ဒါဆိုရင် ညီမလို့ ထင်တယ် ဆိုတာတော့ ပြောလို့ ရလားလို့ လာမမေးနဲ့ဦး ချစ်သူပါဆိုမှ အစ်မတို့ ညီမတို့ လို့တော့ ဘယ်အထင်ခံချင်ပါ့မလဲ…

၎) “ထားလိုက်တော့… ချစ်နားလည်နိုင်မှာမဟုတ်ပါဘူး”
ဒီလိုပြောလိုက်ရင် ကိုယ့်ချစ်သူကို စော်ကားလိုက်တာပဲ… နားလည်နိုင်မှာမဟုတ်ဘူးတော့ ကိုယ့်ချစ်သူက ကိုယ့်လောက် ပညာမတတ်လို့ နားမလည်နိုင်ဘူးလို့ ပြောတာလား… ဒါမှမဟုတ် ကိုယ့်ချစ်သူက သဘောထားမကြီးနိုင်လို့ ပြောတာလား… ဒီလိုနှစ်မျိုးရှိတယ်နော်… နှစ်မျိုးလုံး အကျိုးသက်ရောက်မှုက မကောင်းပါဘူး… မပြောမိစေနဲ့ပေါ့နော်…

၅) “ဘာမှမဟုတ်ဘူး”
အဲဒီစကားကိုလဲ သိပ်မသုံးသင့်ဘူး… ကိုယ့်ချစ်သူက ကိုယ်ခံစားနေရတာတွေ ကိုယ့်ရဲ့  အတွေးတွေ… ကိုယ်နဲ့ ပတ်သတ်တာတွေအားလုံးကို သိချင်တယ်… မျှဝေခံစားချင်တယ်… ကိုယ်က ဘာမှမဟုတ်ပါဘူးလို့ပြောလိုက်ရင်… သူတို့တွေက ကိုယ်က သူ့ကို လျှိုထားတယ် (ဒါမှမဟုတ်) သူက အရေးမပါလို့ သူ့ကို အားလုံးပေးမသိဘူးလို့ ထင်နိုင်တယ်… တတ်နိုင်သလောက်ဒီစကားကို ရှောင်ပါ

၆) “အမြဲတမ်း ငိုမနေနဲ့ ချစ်က တော်တော် အသည်းငယ်တာပဲ”
မိန်းကလေးပဲ မျက်ရည်ဆိုတာရှိတယ်… လက်နက်တစ်ခုအဖြစ်သုံးတာမဟုတ်ဘူး(လက်နက်အဖြစ်တမင်သုံးတဲ့ မိန်းကလေးတွေအတွက်တော့ လက်နက်ပေါ့)… တကယ်ခံစားရလို့ မထိန်းနိုင်ပဲ မျက်ရည်ကျတာပါ … သူတို့ ချစ်သူရှေ့မှာ သူတို့လဲ ဘယ်ငိုချင်ပါ့မလဲ… ဒီလို အသည်းငယ်သူလို့ အထင်ခံရမှာ အကြောက်ဆုံးပဲ…

၇) “ချစ်ရဲ့  သူငယ်ချင်း ဒီနေ့ လန်းတယ်နော်”
သူငယ်ချင်းပဲ ဖြစ်ဖြစ်၊ ညီမပဲဖြစ်ဖြစ်၊ ဘယ်မိန်းကလေးကိုမှ လှတယ်တို့ လန်းတယ်တို့ မိုက်တယ်တို့ ကိုယ့်ချစ်သူရှေ့မှာ မပြောပါနဲ့ … သူတို့ခံစားရပါတယ်… ကိုယ့်မျက်လုံးထဲမှာ ဘယ်မိန်းကလေးမှ ကိုယ့်ချစ်သူလောက် မလှဘူးလို့ ကိုယ့်ချစ်သူ ထင်ပါစေ… သူယုံကြည်အောင်လည်း ကြိုးစားပါ။

၈) “ချစ် မျက်နှာက ၀က်ခြံက ကြီးကြီးလာတယ်နော်”
မိန်းကလေးတွေက သူ့ချစ်သူ မျက်လုံးထဲမှာ အမြဲလှနေချင်တယ်… ဒါကြောင့် သူတို့ ၀က်ခြံကို ထောက်ပြခြင်းက သူတို့ရဲ့ အနာအဆာကို ထောက်ပြသလိုပဲ သူတို့ ရှက်တတ်ကြတယ်…

၉) “ကိုက ကို့အမေကို အချစ်ဆုံး”
ချစ်သူက ကမ္ဘာပေါ်မှာ ဘယ်သူ့ကို အချစ်ဆုံးလဲလို့ ကိုယ့်ကို မေးလာရင် ဒီလို အဖြေမျိုး မဖြေမိပါစေနဲ့ … (အမေကို အရမ်း ချစ်တဲ့ သားယောက်ျားလေးတွေ အတွက်ပါ)… မိန်းကလေးတွေက သူသာလျှင် သူ့ချစ်သူကောင်လေးရဲ့  အချစ်ဆုံးလူဖြစ်ချင်ကြတာပါ… မိန်းကလေးတွေကသာ… “ချစ်က ကမ္ဘာပေါ်မှာ ချစ် အဖေကို အချစ်ဆုံး” လို့ ပြောရင် ကိုယ် ဘယ်လိုခံစားရမလဲ… ဘယ်လိုမှ မခံစားရဘူးဆိုရင်တော့ … လုပ်ချင်သလိုသာ လုပ်ကြတော့ပေါ့ကွယ်…

၁၀) နောက်ဆုံးအချက်ကတော့ ကိုယ့်ရဲ့  အရင် ရည်းစားနာမည်ကို ဘယ်အချိန်မှာ ဘယ်လိုအကြောင်းကြောင့်ဖြစ်ဖြစ် ပြော မထွက်မိပါစေနဲ့… လက်ရှိချစ်သူ ဒေါသထွက်တတ်တယ်… ဒါက သူတို့ မကြားချင်ဆုံး နာမည်ပဲ…

သူငယ်ချင်းတို့လဲ ကိုယ်ချစ်တဲ့ချစ်သူနဲ့ ပျော်ရွှင်နိုင်ပါစေ…

Saturday, April 24, 2010

သူငယ်ချင်းတို့အတွက် စကားလေး ၁၅ခွန်းပြောပြချင်တယ်...


-->
1. အချစ်ဆိုတာ အပြုံးတွေနဲ့ စတယ်… အနမ်းတွေနဲ့ ရှင်သန်လာပြီး… မျက်ရည်တွေနဲ့ အဆုံးသတ်ရတယ်…
2. ကိုယ့်အတွက် ဘယ်တော့မှ ငိုမယ့်လူမဟုတ်တဲ့သူအတွက် ကိုယ်က ငိုနေစရာအကြောင်းတော့မရှိဘူး
3. သူငယ်ချင်းကောင်းဆိုတာ တွေ့ဖို့ခက်သလို ထားခဲ့ဖို့လဲခက်တယ်… မေ့ဖို့ဆိုတာလဲ မလွယ်လှပါဘူး
4. ကိုယ်ကြိုးစားထားတဲ့ အတိုင်းအတာအထိပဲ ကိုယ်ခရီးရောက်နိုင်မယ်...
5. အပြုအမူတွေက စကားလုံးတွေထက်ပိုပြီး တာသွားတာ (ခရီးရောက်တာ) လူတိုင်းအသိပါ…
6. ကိုယ်ချစ်တဲ့လူကို ကြည့်သာကြည့်ခွင့်ရပြီး မပေါင်းရပဲ… တခြားတယောက်ကို ချစ်ဖို့ ကြိုးစားရတာ ဘ၀မှာအခက်ဆုံးပဲ…
7. အတိတ်ဆိုတဲ့ အရိပ်ကြီးက ကိုယ့်ကိုမဆွဲထားစေနဲ့… ပစ္စုပန်မှာရှိတဲ့ ပျော်ရွှင်စရာ တွေနဲ့လွဲရလိမ့်မယ်…
8. ဒီလိုပဲ… ဘ၀ဆိုတာ အချိန်တိုတိုလေးရယ်… ကိုယ်သိမြင်စရာရှိတာတွေကို အချိန်ရှိတုန်း မကြည့်ထားမိရင် နောင်အခွင့်အရေး ထပ်ရမှာမဟုတ်ဘူး…
9. ကိုယ့်ပေါ်မှာ တကယ်ကောင်းတဲ့ သူငယ်ချင်းဆိုတာ မြတ်ပင်တွေကြားမှာပေါက်လေ့ရှိတဲ့ အမွှာ(အရွက်)သုံးမွှာနဲ့ အပင်လေး(ကံကောင်းပင်)လိုပဲ… ရှာရခက်တယ်… ပိုင်ဆိုင်ရပြီဆိုရင်လည်း တကယ်ကံကောင်းလို့ပဲ…
10. ကိုယ့်ရဲ့  ဘ၀ကြီးက အဓိပါယ်မရှိတော့ဘူးလို့ ထင်လာရင် သေချာပြန်တွေးကြည့်လိုက်ပါ… ကိုယ်က အဓိပါယ်မရှိဘူးလို့ ထင်တဲ့ ဘ၀ဟာ ကိုယ်တိုင်ပိုင်ဆိုင် ချယ်လှယ်လို့ရတဲ့ဘ၀လား … တယောက်ယောက်ကြောင့် အမြဲ စိတ်ဆင်းရဲနေရတဲ့ဘ၀လားလို့ပေါ့… ဒါဆိုရင် အဲဒီတယောက်ယောက်ကြောင့် ကိုယ့်ဘ၀ အဓိပါယ်မမဲ့ပါစေနဲ့နော်…
11. နောက်လှည့်ကြည့်ဖို့ခက်ခဲပြီး… ရှေ့ ဆက်တိုးဖို့ ကြောက်ရွံ့  နေတဲ့အချိန်… အရှေ့ တွေအနောက်တွေမကြည့်ပဲ ကိုယ့်ဘေးနားလေးကိုပဲ လှည့်ကြည့်လိုက်ပါ… သူငယ်ချင်းကောင်း တယောက်ယောက် ဒါမှမဟုတ်… ကိုယ့်အပေါ်တကယ်ကောင်းတဲ့ ချစ်သူတယောက်ယောက်ကို တွေ့လိမ့်မယ်…
12. သူငယ်ချင်းကောင်းဆိုတာ ဟိုးကောင်းကင်ပေါ်က ကြယ်လေးတွေလိုပဲ… ကိုယ်အမြဲ မကြည့်နိုင်ပေမယ့် သူတို့ ရှိနေတယ်ဆိုတာတော့ ကိုယ်အမြဲသိနေတယ်…
13. စိတ်ဓာတ်ကျပြီး မမဲ့လိုက်ပါနဲ့ … ကိုယ့်ရဲ့  အပြုံးလေး တပွင့်ကို ကြွေနေတဲ့လူမရှိဘူးလို့ ဘယ်ပြောနိုင်မလဲ…
14. တွေးကြည့်မိလား… ကိုယ့်ကိုအမြဲ အငိုတိတ်အောင် စွမ်းဆောင်နိုင်သူက ကိုယ့်ကို ငိုအောင်လုပ်တဲ့လူဖြစ်လာတဲ့တနေ့ ကိုယ်ဘယ်လိုဖြစ်မလဲလို့… အဲဒီအခါ ကိုယ်ကိုယ်တိုင်ပဲ ကိုယ်အငိုတိတ်အောင် စွမ်းဆောင်ရတော့မှာလေ…
15. စိတ်ဓာတ်မကျလိုက်နဲ့ဦး… အဆုံးသတ်မှာ အရာအားလုံးက အဆင်ပြေသွားမှာပါ… အဆင်မပြေသေးဘူးဆိုရင် အဲဒါအဆုံးကို အရောက်သေးဘူးလို့ပဲမှတ်… အားတင်းထားလိုက်ပါနော်…
online မှာရှာတွေ့လို့ ကြိုက်မိတဲ့ စကားလေးတွေကို ဘာသာပြန်ပြီး မျှဝေလိုက်တာပါ... နဲနဲတော့ ထပ်ဖြည့်စွက်ထားတယ်နော်...

Monday, April 19, 2010

ကျွန်တော့်ရဲ့  သူလေး (၂) .... ဇာတ်သိမ်း


-->
ဒီနေ့ ဆုံနေကျ အအေးဆိုင်လေးမှာပဲ… သူသင်တန်းဆင်းချိန် ကျွန်တော်လည်း နေ့လည်စာစားချိန် အလုပ်နားခိုက်လေးမှာ တွေ့ဖို့ချိန်းဖြစ်တယ်… ကျွန်တော်သူ့ကို ဒီနေ့ ချစ်နေကြောင်းဖွင့်ပြောမလို့လေ… ဒါပေမယ့်… ပျာယာပျာယာနဲ့ လမ်းကိုသုတ်သုတ် သုတ်သုတ်လျှေက်လာတဲ့ သူလေးကိုတွေ့တော့ ကျွန်တော်အံ့သြမိတယ်… ပြီးတော့ သူက ကျွန်တော်စောင့်နေတဲ့ အအေးဆိုင်ထဲလဲ မ၀င်ဘူး ကျွန်တော့်ကိုလဲ မြင်ပုံ မရပဲ ဘတ်စ်ကားဂိတ်ကို လျှောက်သွားတော့ …. ကျွန်တော်သူ့နောက်ကလိုက်ပြီး “ဘာတွေဖြစ်လို့ ပျာယာခက်နေတာလဲ”လို့မေးမိတော့… သူက… “သင်တန်းမှာ အိပ်ပျော်သွားတုန်း အိမ်မက်မက်တယ်… ညီမလေး နေမကောင်းဖြစ်နေတယ်တဲ့” လို့ စိတ်ပူစွာပြောလာတယ်…
ကျွန်တော်လည်း အလုပ်တွေဘာတွေရှိတာ ဂရုမစိုက်မိပဲ… သူ့ရဲ့  ပျာယာခတ်နေတဲ့ပုံကို ကြည့်ပြီး စိတ်မချတာနဲ့ သူ့နောက်ပဲလိုက်ပြီး သူ့ညီမလေး ဘာမှ မဖြစ်နိုင်ကြောင်း… ဂယောင်ချောက်ခြား အိမ်မက်လျှောက်မက်တာဖြစ်ကြောင်း လိုက်ပြောနေမိတယ်… ဒီလိုနဲ့ သူနဲ့အတူ သူ့အိမ်အောက် အထိတောင်ရောက်လာမိပြီ… ဒါနဲ့ မထူးပါဘူးလေဆိုပြီး… အိမ်ပေါ်အထိလိုက်သွားလိုက်တယ်…
သူ့အိမ်ရောက်တော့ သူလေးရဲ့  အဖေနဲ့အမေကို ဧည့်ခန်းမှာတွေ့ရတယ်… ကျွန်တော်က ဘယ်ကဘာစပြောရမှန်းမသိတော့ ပြုံးပြလိုက်တယ်… သူ့အဖေနဲ့အမေက ကျွန်တော်ကို ဘာမှန်းမသိတဲ့ပုံနဲ့ သံသယဖြစ်စွာ ကြည့်နေတာတွေ့ရတယ်… ဒီအချိန်မှာ သူလေးရဲ့  အမေက “သမီး ဘယ်လိုဖြစ်တာလဲ” လို့ သူလေးကို လှမ်းမေးတာကို သူလေးက ဂရုမစိုက်ပဲ… အိမ်ထဲပြေးဝင်သွားတယ်… ဒါနဲ့ ကျွန်တော်လဲ … ကိုယ့်ဘာကိုယ်ပဲ မိတ်ဆက်ရတော့မယ်ဆိုပြီး… “ကျွန်တော်က ညီမင်းပါ… အိခိုင်နဲ့ ခင်တာ ၃လလောက်ရှိပါပြီ… ပြီးတော့ သူက ဒီနေ့ သူညီမလေး နေမကောင်းဖြစ်နေတယ် ထင်တယ်ဆိုပြီး… ပျာယာပျာယာနဲ့ အိမ်ပြန်တော့ စိတ်မချတာနဲ့ အိမ်လိုက်ပို့ ဖြစ်တာပါ” လို့ ပြောလိုက်တော့ အဲဒီ သူ့အဖေနဲ့အမေတို့ က နားလည်ရခက်တဲ့အကြည့်ချင်းဖလှယ်လိုက်ပြီး… သူ့အမေကပဲစပြီး… “ဒါဆိုသားက သူနဲ့ သိပ်မခင်သေးဘူးထင်တယ်… ပြီးတော့ အန်တီတို့ သိသလောက် သူ့မှာက သူငယ်ချင်းသိပ်မရှိဘူး…” လို့ ပြောလာတော့ ကျွန်တော် သူလေးကို သနားသွားမိတယ်…
ကျွန်တော်ကလည်းပြန်ပြီး… “ဟုတ်ကဲ့အန်တီ… သိပ်တော့မခင်ပါဘူး… သူက အေးအေးပဲနေတတ်လို့ထင်ပါတယ်… ” လို့ ပြောတော့ သူ့အဖေက သက်ပြင်းချလိုက်ပြီး “သားက ဦးတို့ သမီးကို တော်တော်ခင်တွယ်ပုံရတယ်… သမီးကို စိတ်မချလို့ အိမ်အထိတောင်လိုက်ပို့တယ်ဆိုတော့… အင်း… ဒီတော့ ဦးကလည်း သားကို ပွင့်ပွင့်လင်းလင်းပဲ ပြောရတော့မယ်…” ဆိုပြီး သက်ပြင်းချလိုက်ပြန်တယ်… ကျွန်တော်ထင်လိုက်တာက… သူတို့ သမီးနဲ့ မပက်သက်ဖို့ ဘာဖို့ သမီးတွေ မိဘတွေပီပီ ဆုံးမသြ၀ါဒပေးတော့မယ်ပေါ့… သူ့အဖေက ကျွန်တော့်ကို မပြောခင် အေးအေးဆေးဆေးထိုင်ဖို့ အရင်ပြောတယ်… နောက်ဆက်ပြီး…
“ဦးတို့မှာ သမီးနှစ်ယောက်ရှိတယ်… တယောက်ကအိခိုင်… နောက်တယောက်က အိလှိုင်... အိခိုင်က အိလှိုင်ထက် ၈နှစ်ကြီးတယ်…” ဆိုပြီး စကားရပ်လိုက်တုန်း… ကျွန်တော်က ကြားဖြတ်ပြီး… “ဒါပေမယ့် သူက ညီမလေးကို ထိန်းဖို့လို့ပဲ ပြောနေတော့ သူ့ ညီမလေးက အလွန်ဆုံးရှိလှ ၇နှစ်၈နှစ်လို့ထင်နေတာ….” လို့ပြောတော့...
“အင်း… အဲဒါပဲပြောမလို့…. တကယ်တော့ ဦးတို့ရဲ့  သမီးငယ် အိလှိုင်လေး လွန်ခဲ့တဲ့ ၅နှစ်က ဆုံးပါးသွားခဲ့တာ…” …. လို့ ပြောလိုက်တော့… ကျွန်တော် “ဗျာ”လို့ ရုတ်တရက် ပြောလိုက်မိတယ်…
“ဟုတ်တယ်… အိလှိုင်လေးက ငယ်ငယ်က ပိုးထိသွားလို့ အောက်ပိုင်းသေနေတာ… အသက်၇နှစ်မှာ အဖျားကြီးပြီး ပိုးက ဦးနှောက်အထိရောက်သွားပြီး ဆုံးပါးသွားရတာ… အိလှိုင်လေးကို ငယ်ငယ်လေးကတည်းက အိခိုင်ကပဲ ကြည့်ရှုစောင့်ရှောက်လာတာ… အိခိုင်က အိလှိုင်လေးကို သိပ်ချစ်တာ… အိလှိုင်လေးလည်း ဆုံးသွားတော့… အိခိုင်လဲ သမီးငယ်လေးစိတ်နဲ့ အခုအချိန်အထိ သမီးငယ်လေးရှိသေးတယ် ဆိုတဲ့စိတ်ဝင်ပြီး နေ့စဉ်လှုပ်ရှားမှုတွေက မပြောင်းလဲတော့ဘူး… ဒါပေမယ့် အရူးတော့ လုံးဝဖြစ်မသွားတာ ကံကောင်းတယ်ပြောရမှာပေါ့ကွယ်… ဒါပေမယ့်… အိလှိုင်ရှိနေသေးတယ်ဆိုပြီး စိတ္တဇဖြစ်သွားတယ် အဲဒီအချိန်ကတည်းကပါပဲကွယ်… ဦးတို့လည်း ဆရာဝန်အမျိုးမျိုး နည်း အမျိုးမျိုးနဲ့ ကုပါသေးတယ်… ဒါပေမယ့် ဘာမှ ထူးခြားမလာပဲ… ဒီအခြေအနေမှာပဲ တန့်နေတယ်ကွယ်… ” လို့ ပြောရင်းနဲ့ မျက်ရည်တွေကျလာကြတယ်…
ကျွန်တော်လည်း ရုတ်တရက် ဒီလို သတင်းတွေကြားရတော့ ယုံတောင်မယုံနိုင်ဘူးဗျာ… ကျွန်တော် ချစ်တဲ့ကောင်မလေးအတွက် ကျွန်တော်တကယ်ခံစားရတယ်… သူ့အဖေအမေလိုက်ပြလို့ သူ့အခန်းပေါက်ဝကနေ သူ့ကို ရပ်ကြည့်မိတော့… wheel chair လေးဘေးမှာ ဆောင့်ကြောင့်ထိုင်ပြီး စကားတွေတတွတ်တွတ်ပြောနေတဲ့ သူလေးကို စိတ်မကောင်းစွာတွေ့ရတယ်… ကျွန်တော် ဆက်မကြည့်ရက်တော့တာနဲ့ အားလုံးကို နှုတ်ဆက်ပြီး အိမ်ပြန်လာခဲ့လိုက်တယ်… ရုံးကိုလည်းနောက်နေ့မှရှင်းပြလိုက်တော့မယ်ဆိုပြီး ခေါက်ထားလိုက်တယ်…
နောက်နေ့မနက်မှာလည်း သူလေးကို ကျွန်တော် တွေ့နေကြ ဘတ်စ်ဂိတ်မှာပဲ တွေ့ဖြစ်တယ်… သူလေးက ထုံးစံအတိုင်း ကျွန်တော်ကို မြင်လည်း မမြင်ဘူး ဂရုလည်း မစိုက်ဘူး… အရင်နေ့တွေတုန်းကလည်း ကျွန်တော့်ဘက်က စပြီး နှုတ်ဆက်လို့သာ… ကျွန်တော်တို့ နှစ်ယောက် စကားပြောဖြစ်ကြတာလေ… ဒီနေ့လည်း ကျွန်တော် စကားသွားပြောဖို့ ခြေလှမ်းပြင်မိလိုက်သေးတယ်… ဒါပေမယ့် ကျွန်တော် သူလေးရဲ့  ဘ၀ကို အတင်းဝင်ရောက် မနှောက်ယှက်ချင်ဘူး… သူပျော်သလိုသာနေပါစေဆိုပြီး ထားလိုက်တယ်… နောက်ဆက်လာတဲ့ရက်တွေမှာလည်း သူလေးက ကျွန်တော်ကို ဂရုမစိုက်ခဲ့ဘူး… ကျွန်တော်ကသာ နေ့တိုင်း သူလေးကို အကဲခတ်နေရတာ…
ကျွန်တော် စဉ်းစားမိတယ်… သူလေးက ကျွန်တော်ရှိနေတာရောသိရဲ့ လားပေါ့… သိမယ်မထင်ပါဘူး… ကျွန်တော် သူ့ကို ချစ်စကားပြောဖို့ကိုလည်း ၀န်လေးသွားမိတယ်… ကျွန်တော့်ကို သူရဲဘောကြောင်တယ်ပြောချင်ပြောကြပါ… ဒါပေမယ့် ကျွန်တော့်ကို ရှိမှန်းတောင်မသိတဲ့ လူတယောက်ကို ကျွန်တော် ဘယ်လို အချစ်မျိုးနဲ့ ဆက်ချစ်ရမှန်းမသိသေးဘူး… ကျွန်တော်လည်း အချစ်ရေးမှာ အဲလောက်အထိ မချစ်တတ်သေးလို့ နေမှာပါလေ… ဘာပဲဖြစ်ဖြစ်ကျွန်တော် သူလေးဘ၀အတွက် တဒင်္ဂတော့ မျက်ရည်ကျ မိတယ်… ကိုယ်ချင်းစာမိပြီး ၀မ်းနည်း လွန်းလို့ပါဗျာ… ကိုယ်အချစ်ဆုံးလူတယောက် ဆုံးရှုံးလိုက်ရတဲ့ အဖြစ်က တော်တော် ရင်နာဖို့ကောင်းပါတယ်…
April fool နေ့မှာ တွေ့မိတဲ့ ကျွန်တော့်ရဲ့  သူလေးကို ကျွန်တော် ရူးရူးမူးမူးချစ်မိခဲ့ပြီး ကျွန်တော်သိလိုက်ရတာက… ကျွန်တော်ရဲ့  သူလေးကလည်း အရူးတပိုင်းဖြစ်နေတာကိုပဲလေ… ကျွန်တော့်ကို ဘာလို့များ ကံကြမ္မာက April fool နေ့မှာ လာနောက်ရတာလဲဗျာ…. တွေးမိတိုင်း April fool နေ့ကို စိတ်နာမိတယ်… ကျွန်တော့်ရဲ့  သူလေးကို ကျွန်တော် စိတ်မပြတ်နိုင်ခင်အထိ နေ့စဉ် ဘတ်စ်ဂိတ်လေးမှာပဲ စောင့်ကြည့်နေမိတယ်… နှစ်လပြည့်တဲ့နေ့မှာ… သူလေးကို ကျွန်တော် မတွေ့ရတော့ဘူး… သင်တန်းပြီးသွားလို့ လို့ပဲ ကျွန်တော်ထင်ပါတယ်… ဒါပေမယ့် ကျွန်တော် မေ့လည်း မမေ့နိုင်သလို ဆုံဆည်းဖို့ လည်း မကြိုးစားဝံ့ခဲ့ဘူး… ဒီထက်ဆိုးတဲ့ ကံကြမ္မာ တွေ ကျွန်တော့်ဆီရော … သူလေးဆီပါ ထပ်ရောက် ၀င်မနှောက်ယှက်ဖို့ ကျွန်တော် အမြဲဆုတောင်းနေမိပါတယ်…
.....................................................................
အားလုံးကို ကျေးဇူးတင်ပါတယ်...
comment လေးတွေချန်ခဲ့ပေးပါနော်....

Saturday, April 17, 2010

ကျွန်တော့်ရဲ့  သူလေး (၁)


-->
ဒီနေ့ april foolနေ့လေ… ကျွန်တော် အလုပ်သွားရမယ်… စောင့်နေကျဘတ်စ်ကားဂိတ်မှာ ရပ်စောင့်နေရင်းနဲ့ ဟိုဟိုဒီဒီကြည့်ဖြစ်တယ်… ဘာရယ်တော့မဟုတ်ပါဘူး… ကျွန်တော်က ကောင်မလေးချောချောလေးတွေကို ကြည့်ရတာကြိုက်တယ် သူတို့ရဲ့  အလှက ရဿမြောက်တယ်… ဒီတော့ အားလုံးသိလောက်ပြီ… ကျွန်တော့်မှာ ရည်းစားမရှိသေးဘူး… အလှကြိုက်တဲ့ ကျွန်တော် ရွေးရခက်နေတာပေါ့ဗျာ…
ရောက်တက်ရာရာစဉ်းစားနေရင်း… ဒီဘက်စ်ကားဂိတ်ကို လာဖို့ လမ်းကူးနေတဲ့ ကောင်မလေးတယောက်စီ မျက်စိရောက်သွားတယ်… သူကလည်းအလှတမျိုးပဲ… ဒါပေမယ့် သူ့အလှက မဟာဆန်တာတို့ ကဗျာဆန်တာတို့ မဟုတ်ဘူး… ရိုးရှင်းတဲ့ အလှ လမ်းလျှောက်ပုံကလည်း နွဲ့နောင်းတာလည်းမဟုတ် ကပျာကယာလည်းမဟုတ်… အေးဆေးလွန်းတယ်… တည်ငြိမ်တဲ့ အလှပိုင်ရှင်လေးတယောက်ပေါ့… အနီးနားမှာလာရပ်တော့ သူ့မျက်နှာလေးသေချာကြည့်မိတယ်… အလွန်ဆုံးရှိလှ ၂၀လောက်ပဲ… ကျွန်တော့်ထက်တော့ ၅နှစ်လောက်ငယ်လိမ့်မယ်…
သူ့မျက်နှာလေးက ကလေးလေးတယောက်လို ရိုးရှင်းပြီး အပြစ်ကင်းစင်တယ်… ဒီလိုမျက်နှာမျိုးမှာ အပူအပင် သောက မောဟတွေ တွေ့နိုင်ဖို့ ခဲယဉ်းလိမ့်မယ်… လောကကြီးကို လုံးဝဂရုမစိုက်ပဲ… ကိုယ့်ကမ္ဘာလေးထဲမှာ နေနေတဲ့ပုံပဲ… ဘက်စ်ကားလာတဲ့ဘက်ကိုပဲ တစိုက်မတ်မတ်မျှော်ကြည့်နေတယ်… သူ့ပုံလေးကို ကျွန်တော် တဖြည်းဖြည်း အသည်းယားလာတယ်… တော်တော်လေးချစ်ဖို့ကောင်းတဲ့ ကလေးမလေးဗျာ…
ကျွန်တော်စီးရမယ့် ဘတ်စ်ကားလာတော့ ကျွန်တော်တက်သွားလိုက်တယ်… အဲဒီကောင်မလေးလည်း တက်လာတာတွေ့ရတယ်… ကျွန်တော့်အတွက်တော့ သူ့ရဲ့  ချစ်စရာကောင်းမှုကို ရှုစားချိန်ပိုရတာပေါ့… ကျွန်တော့်အကြည့်တွေ သူ့မျက်နှာလေးကနေ မခွာဖြစ်တော့ဘူး… သူကတော့ မသိတာလား… မသိချင်ယောင်ဆောင်နေတာလား မပြောတတ်… ပြတင်းအပြင်ကိုပဲ ငေးနေတယ်…
ကျွန်တော့်အလုပ်ရှိရာ မှတ်တိုင်ရောက်တော့ ကျွန်တော် သူ့ဆီကနေ မျက်လုံးမနဲခွာပြီး ဆင်းခဲ့လိုက်တယ်… ဟော ဘတ်စ်ကားဘက်လှည့်ကြည့်လိုက်တော့မှ… ကလေးမလေးကလဲ ဒီမှတ်တိုင်မှာ ဆင်းတာပဲ… ဒါနဲ့ ကျွန်တော်လည်း သူ့အကြောင်းသိလိုဇောနဲ့ အလုပ်နောက်ကျမှာ မမှုပဲ ကောင်မလေးနောက်လိုက်သွားမိတယ်… ဘက်စ်ကားဂိတ်ကနေ နဲနဲ လမ်းလျှောက်ပြီးရင်ရောက်တဲ့ language သင်တန်းတစ်ခုထဲ ကောင်မလေး ၀င်သွားတာတွေ့ရတယ်… ကျွန်တော် သူသွားတဲ့နေရာကို သိပြီးနောက် ရုံးကို အပြေးတပိုင်းရောက်လာခဲ့တယ်… တော်သေးတာပေါ့… ကျွန်တော့် အထက်အရာရှိက ဒီနေ့ ခွင့်ယူထားတော့ ကျွန်တော့်ကို ဆူမယ့်လူမရှိဘူး… ကံကြမ္မာက ကျွန်တော့်ကို သူလေးနဲ့ ဆုံအောင်ဖန်တီးပေးတာလားတော့ မသိပါဘူးဗျာ…
ကျွန်တော်နောက်နေ့ မနက်လဲ ဘက်စ်ကားဂိတ်မှာ သူလေးကို ထပ်တွေ့ပြန်တယ်… ထုံးစံအတိုင်း လောကကြီးကို ဂရုမစိုက်ပဲ… ဘတ်စ်ကားလာရာဘက်ကိုပဲ ငေးနေတယ်… ဒီလိုနဲ့ ဆက်လာတဲ့ ရက်တွေမှာ သူလေးရဲ့ အလှကို ငေးမောရတာ ကျွန်တော်အတွက် အလုပ်တစ်ခုဖြစ်လာတယ်… တခြားကောင်မလေးတွေရဲ့  အလှတွေကိုတောင် အရင်တုန်းကလို ဂရုမပြုမိတော့ဘူး…
သင်္ကြန်ရုံးပိတ်တော့ ကျွန်တော် သူလေးကို တော်တော်လွမ်းနေမိတယ်… ကျွန်တော် ဘယ်လောက်ထိသူ့ကို စွဲလမ်းလဲဆိုတော့… အရင်ကလို သူငယ်ချင်းတွေနဲ့ ရေပက်ခံ မထွက်တော့ပဲ အိမ်နားတ၀ိုက်မှာ သူလေးကို လိုက်ရှာမိတယ်… သူနဲ့ ဘတ်စ်ကားစီးတဲ့ ဂိတ်ချင်းတူတယ်ဆိုတော့ အိမ်လဲ တူမှာပဲ ဆိုတဲ့ အတွေးနဲ့ပေါ့… သင်္ကြန်အတက်နေမှာ ကျွန်တော်ရူးသွားပုံများ… သင်္ကြန်မှာ သူတို့ သင်တန်းများဖွင့်မလားဆိုပြီး… သူလေးနဲ့ ဆုံနေကြ ဘတ်စ်ကားဂိတ်ကို ဆုံနေကြအချိန်အတိုင်းသွားဖြစ်တယ်… ပြန်တွေးကြည့်မှ တော်တော်ရူးတာပဲဆိုပြီး… ကိုယ့်ကိုကိုယ် လှောင်ရယ်မိတယ်…
ရုံးပြန်တက်တဲ့ နေ့မှာ ကျွန်တော် ရင်ခုန်စွာ ဘတ်စ်ကားဂိတ်ကို ချီတက်လာခဲ့တယ်… ကျွန်တော်မျှော်လင့်တဲ့ အတိုင်းပဲ သူလေး ဘတ်စ်စောင့်နေတယ်… ထုံးစံအတိုင် ချစ်စရာကောင်းနေတုန်းပဲ… ကျွန်တော် ရုတ်တရက် စိတ်ကူးရသွားပြီး… ဒီနေ့ သူလေးရဲ့  နာမည်ကိုတော့ သိအောင်လုပ်မယ်ဆိုပြီး ဆုံးဖြတ်ချက်ချလိုက်တယ်… ဒါနဲ့ ဆင်းရမယ့် မှတ်တိုင်ရောက်တော့ ဘတ်စ်ကားပေါ်ကဆင်းတာနဲ့ ကျွန်တော် သူလေးကို အလျင်စလို ကျော်တက်သလိုလိုနဲ့ ၀င်တိုက်မိအောင် ဂွင်စင်လိုက်တယ်…
ကျွန်တော်ဝင်တိုက်သွားတာတောင် စိတ်မဆိုးရှာတဲ့ သူလေးက ကျသွားတဲ့ပစ္စည်းတွေ ထိုင်ကောက်နေတယ်… ကျွန်တော်လည်း လိုက်ထိုင်ကောက်ပေးရင် “ဆောရီးနော်”လို့ ပြောတော့ သူက “အင်း” တစ်လုံးပဲ ပြန်ပြောတယ်… ဒါနဲ့ ကျွန်တော်လည်း “နာမည်ဘယ်လို ခေါ်လဲ မသိဘူး” လို့ မေးလိုက်တော့ သူကကျွန်တော့်ကို တချက်ကလေးတောင်မော့မကြည့်ပဲ “အိခိုင်” လို့ ပဲ ပြန်ဖြေတယ်ဗျ… အသံလေးက တကယ့် ကလေးလေးသံ ပြီးတော့ ချိုချိုသာသာနဲ့ အေးအေးဆေးဆေးလေး… ကျွန်တော်ကဆက်ပြီး… “နောက်လမ်းမှာ တွေ့ရင် နှုတ်ဆက်လို့ရလား” လို့ မေးလိုက်တော့လည်း… သူက “အင်း” တစ်လုံးပဲ ထပ်ဖြေပြန်တယ်… ပြီးနောက် သူ့လမ်းသူဆက်လျှောက်သွားတယ်… ကျွန်တော်လည်း သူ့ကိုငေးပြီးကျန်ခဲ့တာပေါ့….
နောက်နေ့ ဘတ်စ်ကားဂိတ်မှာထပ်တွေ့တော့ နှုတ်ဆက်ဖြစ်တယ်… သူကလည်း စကားပြန်ပြောပါတယ်… ဒါပေမယ့် သိပ်ပြီး လှိုက်လှိုက်လှဲလှဲ မဟုတ်လှဘူး… အေးအေးဆေးဆေးလေးပဲ… ဒါကိုက သူ့ရဲ့ စတိုင်လေ… ဒီလိုနဲ့ ကျွန်တော်တို့ နှစ်ယောက် တဖြည်းဖြည်းချင်း ခင်လာကြတယ်… သူနဲ့ နေ့လည်ဖက် အအေးလေးဘာလေးသောက်ဖို့ တခါတခါ ချိန်းဖြစ်တယ်… ချိန်းလိုက်တိုင်း သူက မြန်မြန်ပြန်ရမယ် ဆိုတာချည်းပဲ… သူ့ညီမလေးကို ထိန်းဖို့တဲ့… ဒါနဲ့ သူဘယ်မှာနေလည်းမေးကြည့်တော့ ဘတ်စ်ကားဂိတ်နဲ့ တော်တော်လှမ်းတဲ့ လမ်းကြားလေးထဲက တိုက်မှာတဲ့…. ကျွန်တော်က အားရင် လာလည်မယ် ရမလားလို့ မေးကြည့်တော့ အေးအေးဆေးဆေးနဲ့ “အင်း” တလုံးပဲပြောတယ်…
ကျွန်တော်တို့ခင်လာတာ… ဘာလိုလိုနဲ့ နှစ်လလောက်ရှိပေမယ့်… သူကတော့ ကျွန်တော့်အပေါ် အေးစက်စက် ဆက်ဆံတုန်းပဲ… ကျွန်တော် သူနဲ့ သူငယ်ချင်းအဖြစ်နဲ့ မရောင့်ရဲတော့ဘူး… အမှန်အတိုင်းပြောရရင် သူရဲ့  နုညံ့တဲ့ လက်ကလေးကို ကိုင်ထားချင်တယ်… သူ့ပုခုံးလေးကို ဖက်ပြီး လမ်းလျှောက်ချင်တယ်… သူ့ရဲ့ ချိုသာတဲ့ ချစ်တယ်ဆိုတဲ့ စကားသံလေးတွေ ကြားချင်တယ်… သူ့ကိုအမြဲစိတ်ချမ်းသာအောင် ဖြည့်ဆည်းပေးချင်တယ်… ဒါပေမယ့် သူက စိတ်ချမ်းသာပုံမပေါက်သလို… စိတ်ဆင်းရဲပုံလဲမပေါက်ပါဘူး… တခါတလေ စဉ်းစားမိတယ် သူလေးမှာ ခံစားချက်ရောရှိရဲ့ လားပေါ့… ဒီမေးခွန်းကို အဖြေရဖို့ ကြံဆောင်ရမှာကလည်း ကျွန်တော်ပဲလေ… ဒါနဲ့ ကျွန်တော် သူလေးကို ချစ်နေတဲ့ အကြောင်းဖွင့်ပြောသင့်ပြီလို့ ဆုံးဖြတ်လိုက်တယ်…
...........................
ဆက်ရန်.....