အခုအချိန်က ဧပြီလဆိုတော့ သင်္ကြန်ရောက်တော့မယ့်ရာသီပေါ့… လင်းလင်းက သင်္ကြန်ကိုသိပ်ချစ်တာ… ဒါပေမယ့် အခုနောက်ပိုင်းတော့ သိပ်မခင်တွယ်တော့ဘူး… ဘာလို့လဲဆိုတော့… မိဘတွေရဲ့  တားမြစ်ချက်ကြောင့်ပေါ့… စာကိုပဲကြိုးစား အပျော်အပါးလျှော့ဆိုပြီး ရေတောင်ထွက်မပက်ရတော့ဘူးလေ… နောက်လာမယ့် ကျောင်းပတ်အတွက် စာတွေအမြဲတန်းကြိုလေ့လာနေရတယ်… ဒါကြောင့်လည်း… လင်းလင်းကအတန်းထဲမှာဆို အမြဲတန်းပထမနေရာကနေ မဆင်းတော့ဘူး… ပြီးတော့လင်းလင်းရဲ့  အကြီးမားဆုံးဆန္ဒက ရေပက်ခံထွက်ဖို့ပဲ… သူ့ဘဝမှာ တခါမှာ ရေပက်ခံမထွက်ဖူးဘူးလေ… ဒါပေမယ့် ပညာရေးကပထမနေရာမှာယူထားတဲ့ လင်းလင်းဘဝအတွက် ကျန်တာအားလုံးက နောက်မှာပေါ့…
ဒီနှစ်သင်္ကြန်လဲ ဥပုဿ်သီလယူပြီး စာပဲလုပ်ဖို့ အိမ်ကအမိန့်ချမှတ်ထားတယ်… ဒီတော့သင်္ကြန်မှာမပျော်ရတာကို စိတ်နာနာနဲ့ အိမ်ထဲကအိမ်ပြင်မထွက်တော့ဘူးဆိုတဲ့စိတ်နဲ့ ဝယ်နေကျဈေးတောင် ထွက်မဝယ်တော့ဘူးလေ… သင်္ကြန်အကျနေ့ရောက်တော့… အခန်းထဲမှာ စာဖတ်နေရင်း… ဂလုံဂလွမ် အသံနဲ့အတူ လင်းလင်းရဲ့ အမေ လင်းလင်းကိုလှမ်းခေါ်သံ ကြားလိုက်ရတယ်…
ကြောင်တကောင်အိမ်ထဲဝင်ပြီး ဘုရားစင်ပေါ်ကကြေးပန်းအိုးကို တိုက်ချသွားလို့ ပန်းအသစ်လဲရမယ်တဲ့… ဒီတော့ လင်းလင်းပဲဈေးသွားပြီး ဝယ်ပေးရတော့မယ်… လင်းလင်းသက်ပြင်းတချက်ချမိတယ်… အပြင်ထွက်ရင် ရေအပက်ခံရတော့မယ်… ရေစိုရင်သင်္ကြန်ပိုးထလာပြီး ရေကစားချင်တော့မယ်… စိတ်ညစ်ပါတယ်… ဒါပေမယ့် ဘုရားကပ်ဖို့ ပန်းကလည်းမ၀ယ်လို့ မဖြစ်ဆိုတော့ သွားဝယ်လိုက်တယ်… အသွားမှာတော့ နဲနဲစောသေးလို့ထင်ပါတယ် ရေပက်တဲ့လူတွေသိပ်မရှိသေးဘူး… အပြန်ကျတော့ ရေပက်တဲ့လူတွေရှိလာပြီ… အထူးသဖြင့် လင်းလင်းတို့ တိုက်အောက်ပဲ… အဲဒီမှာ ကလေးတွေရော လူကြီးတွေရော ပလက်ဖောင်းပေါ်မှာ ရေစည်တွေချပြီး ရေပက်နေကြတာ…
ဒါနဲ့ လင်းလင်းလဲ တိုက်တံစက်မြိတ်အောက်ကနေ လူမသိသူမသိ ဖြေးဖြေးချင်း လမ်းလျှောက်ပြီး သူမတိုက်လှေခါးရောက်သည်အထိသွားမယ်ဆိုပြီးသွားရင်းကနေ… သူမတိုက်ရဲ့  ဘေးတိုက်လှေခါးကနေ ရုတ်တရက် ရေပုံးဆွဲပြီးဆင်းလာတဲ့ လင်းလင်းထက်၎နှစ်လောက်ကြီးပုံရတဲ့ အိမ်နီးချင်းကောင်လေးနဲ့ သွားတိုးတော့တယ်… ကောင်လေးနာမည်က ထွန်းမင်း… လင်းလင်းတို့နဲ့ အိမ်နီးချင်းတွေဆိုပေမယ့် အရင်ကတခါမှာမတွေ့ ဖူးကြဘူး… ထွန်းမင်းလဲ လင်းလင်းကို ရုတ်တရက် တွေ့ လိုက်တော့ကြောင်သွားသလို… လင်းလင်းလဲ ထွန်းမင်းနဲ့ သူ့ရေပုံးကို တွေ့ လိုက်တော့ ကြောက်သွားတယ်… ရေစိုမှာစိုးလို့လေ… ဒါနဲ့တယောက်နဲ့ တယောက်ဘယ်နှစက္ကန့်လောက် ရပ်ကြည့်နေလိုက်ကြမှန်းမသိဘူး… ထွန်းမင်းက ရေပုံးမလိုက်တော့မှပဲ လင်းလင်းမှင်သက်သွားပြီး “မလောင်းနဲ့” ဆိုတဲ့စကားက ပါးစပ်ကမထွက်ခင် ထွန်းမင်းရေပုံးထဲကရေတွေ လင်းလင်းကိုယ်ပေါ်မှာ ရွှဲရွှဲစိုသွားတော့တယ်…
ထွန်းမင်းက သူရေလောင်းလိုက်ရလို့ ကျေနပ်သွားတဲ့ပုံနဲ့… ဝမ်းသာအားရပြုံးလိုက်တယ်… အပြုံးဆိုတာ ကူးစက်တတ်တဲ့ပိုးလားလို့ ထင်ရလောက်အောင် လင်းလင်းပါလိုက်ပြုံးလာတယ်… နောက်လင်းလင်းလဲ ထပ်ပြီးရေလောင်းခံရမှာစိုးတာနဲ့ ကိုယ့်လမ်းကိုမြန်မြန်ဆက်လျှောက်သွားလိုက်တယ်… ထွန်းမင်းကတော့ သူအခုမှမြင်ဖူးတဲ့ အိမ်နီးချင်းတယောက်ကို ငေးကြည့်နေရင်းကျန်ခဲ့တယ်…
ထွန်းမင်းက ရုပ်ရည်သားနားပြီး ရုပ်ဖြောင့်တဲ့ ယောက်ျားလေးတယောက်… သူက Physics နဲ့ကျောင်းပြီးထားခါစပေါ့… လင်းလင်းကတော့ မိန်းကလေးတယောက်အနေနဲ့ ရှိသင့်တဲ့ ဆွဲဆောင်မှုမျိုးမရှိဘူး… ဥပဓိရုပ်ကောင်းပေမယ့် ချောတဲ့ လှတဲ့ စာရင်းထဲ မပါသလို… ရွက်ကြမ်းရေကြိုစာရင်းထဲလဲမပါဘူး… ဒါပေမယ့် လင်းလင်းကကျောင်းမှာနာမည်ကြီးတယ် စာတော်လို့နာမည်ကြီးတာလေ… ဘာလို့လဲဆိုတော့ သူမကစာပဲကြိုးစားပြီး ပြင်ပြင်ဆင်ဆင်နေရမှာကျတော့ အရမ်းပျင်းလွန်းလို့…
လင်းလင်းအိမ်ရောက်တော့ သူမလုပ်စရာရှိတာသာလုပ်နေတယ်… မျက်စိထဲမှာ ထွန်းမင်းရဲ့ မျက်နှာပဲ မြင်မြင်နေတယ်… ဒါပေမယ့် သူမတွေ့ ခဲ့တဲ့ကောင်လေးရဲ့  နာမည်ရော အိမ်ရောသိတာမဟုတ်ဘူး… ဘာပဲဖြစ်ဖြစ်မေ့သွားမှာပါလို့ သူမထင်နေခဲ့ပေမယ့် တကယ်တမ်းကျတော့ သူမရဲ့ စိတ်က အိမ်ရှေ့ပြတင်းပေါက်ကိုပဲရောက်ရောက်သွားပြီး… ထွန်းမင်းရေကစားနေတာကို ရပ်ကြည့်နေမိတယ်… တခါတခါသူမသတိထားမိတာက… ထွန်းမင်းလည်းသူရှိနေတဲ့ တိုက်ကို မျက်လုံးနဲ့ scan ဖတ်နေတာတွေ့ရတယ်… ဘာလို့လဲဆိုတော့ သူလည်း လင်းလင်းဘယ်အခန်းမှာလည်းဆိုတာမသိဘူးလေ…
ဒီနှစ်သင်္ကြန်မှာတော့ လင်းလင်းရေမကစားရပေမယ့် ပျော်နေတယ်… သူမစိတ်ဝင်စားတဲ့ ထွန်းမင်းကို အိမ်ပေါ်ကနေ လှမ်းကြည့်နေရလို့လေ… ထွန်းမင်းလဲဘယ်ကနေဘယ်လို သူမရဲ့ တိုက်ခန်းကို သိသွားလဲမသိဘူး… သူမချောင်းချောင်းကြည့်နေကြ ပြတင်းပေါက်ကို မော့မော့ကြည့်တဲ့အခါ လင်းလင်းတယောက်ရင်ခုန်နေမိတယ်…
ဒီလိုနဲ့ ဒီနှစ်ရဲ့  သင်္ကြန်တေးတွေက ပြီးဆုံးသွားပေမယ့် မပြီးဆုံးသေးတာ သူတို့ နှစ်ယောက်ရဲ့  ရင်ခုန်သံကိုယ်စီပေါ့… လမ်းမှာတွေ့ရင်ပြုံးပြကြတယ် ဒါပေမယ့် သူတို့ နှစ်ယောက်လုံးရဲ့  အပြုံးတွေနောက်မှာ နက်ရှိုင်းတဲ့ အဓိပါယ်များစွာပါနေတယ်… တခါတလေ လင်းလင်းက အနောက်ဖက်လမ်းမှာ နေတဲ့ ယောက်ျားလေးသူငယ်ချင်းတွေနဲ့ စကားရပ်ပြောနေတာကို ထွန်းလင်းတွေ့ရင် စိတ်ဆိုးသွားပြီး… နောက်တခါလမ်းမှာ လင်းလင်းနဲ့ တွေ့ရင် မသိချင်ယောင်ဆောင်နေတတ်သလို တခါတခါဒေါသမျက်လုံးတွေနဲ့ ကြည့်တတ်တယ်… ဒီလိုအခြေနေမျိုးရောက်လာပြီ ဆိုရင် လင်းလင်းတယောက် တော်တော် စိတ်မကောင်းဖြစ်ရတယ်… ဒါပေမယ့်လည်း ထွန်းမင်းကြာကြာမနေနိုင်ပါဘူး… နှစ်ရက်လောက်နေတော့ ပြန်စိတ်ပြေသွားတတ်တာပါပဲ…
ထွန်းမင်းတယောက်ထဲ သဝန်တိုတတ်တာမဟုတ်ဘူး… တခါတခါ ဘယ်ကမှန်းလင်းလင်းမသိတဲ့ မိန်းကလေးတွေနဲ့ ထွန်းမင်းစကားပြောနေတာတွေ့ရင် လင်းလင်းလည်း စိတ်ကောက်သွားတတ်တယ်… မသိချင်ယောင်ဆောင်နေတတ်တယ်… ဒါပေမယ့် လင်းလင်းက ထွန်းမင်းလိုမဟုတ်ဘူး တရက်နှစ်ရက်နဲ့ စိတ်ကောက်မပြေတတ်ဘူး… ဒီလိုမျိုးအခြေအနေရောက်လာပြီဆိုရင် ထွန်းမင်းချော့ရဖို့ ကိန်းဆိုက်ပြီ… သူ့ရဲ့  ချော့ပုံချော့နည်းက လင်းလင်းကို သီချင်းဆိုပြတာ… ဒါပေမယ့် တိုက်အောက်ကနေ လှမ်းပြီး ဂစ်တာတီးသီချင်းဆိုပြတာမျိုးမဟုတ်ဘူး… ထွန်းမင်းက ဂစ်တာမတီးတတ်ဘူးလေ… သီချင်းဆိုတာတော့အသံကောင်းတယ်… ဒီတော့ အနောက်ဘက်လမ်းကသူ့ သူငယ်ချင်းအိမ်သွားပြီး… သူ့သူငယ်ချင်းက ဂစ်တာတီးပြီး သူက လင်းလင်းကို ရည်ရွယ်ပြီး သီချင်းဆိုပြတတ်တယ်… သူ့သူငယ်ချင်းရဲ့  ညီမအခန်းနဲ့ လင်းလင်းရဲ့  အခန်းနဲ့ က ပြတင်းပေါက်ချင်း မျက်နှာချင်းဆိုင်လေ… ဒီတော့ ထွန်းမင်းတို့ လာပြီ ဆိုရင် သူ့ သူငယ်ချင်းရဲ့  ညီမက အလိုက်တသိရှောင်ပေးရရှာတယ်… အဲဒီကလေးမလေးက ၄တန်းဆိုတော့ ကလေးသာသာလေးရယ်… မုန့်ဖိုးပေးလိုက်ရင် ကလေးပီပီပျော်ပြီး စကားနားထောင်တယ်လေ… လင်းလင်းတို့ ငယ်ငယ်တုန်းကလိုပေါ့… လင်းလင်းရဲ့  အစ်ကိုကလင်းလင်းကို မုန့်ဖိုးပေးပြီး ပါးစပ်ပိတ်ခိုင်းတာရင် သူ့အစ်ကို ဘာလုပ်လုပ် ဖေဖေ၊မေမေနဲ့ သွားမတိုင်တော့ဘူး…
ဆက်ရန်.....
ဖတ်ပြီးရင် ကွန်မန့်လေးတွေ ချန်ပေးပါနော်.... အချိန်ပေးပြီးဖတ်ပေးတဲ့ မိတ်ဆွေ သူငယ်ချင်းအပေါင်းကို ကျေးဇူးတင်ပါတယ်...
ဖတ်ပြီးရင် ကွန်မန့်လေးတွေ ချန်ပေးပါနော်.... အချိန်ပေးပြီးဖတ်ပေးတဲ့ မိတ်ဆွေ သူငယ်ချင်းအပေါင်းကို ကျေးဇူးတင်ပါတယ်...
6 comments:
ခုမှဘဲ..ပြန်ဆက်တော့တယ်..
ပြန်ရေးပါဦး...
ကိုယ်ပိုင်ဖြစ်လေးတွေ..ဖတ်ရအောင်.. ^_^
ရေးဦးမှာ... ဟီးဟီး :)
ဖတ်ပြီး ဘယ်လိုဆက်ဖြစ်လာမလဲ စိတ်ဝင်စားနေတယ် .. ဆက်ရေးပါး)
ဒါနဲ့ စကားပြောခန်းလေးတွေ ထည့်ပေးရင် ပိုအသက်ဝင်မယ်ထင်တယ်။
(ဆရာမ)
ဒီဇာတ်လမ်းက စကားပြောခန်းကို တမင်ဖယ်ထားတာ ... ဆရာမ... အဟီး.... thanks all for comments...
nice writing chit.. :D
Post a Comment