Friday, March 19, 2010

ချစ်သောတိမ်လွှာသို့ .... (part eight ... ဇာတ်သိမ်းပိုင်း)

ပြင်ဦးလွင် ရောက်တော့ ကျွန်တော် လိပ်စာအတိုင်းသွားခဲ့တယ်… အဲဒီအိမ်ရောက်တော့ တိမ်လွှာရဲ့  အရိပ်အရောင် တစက်မှမတွေ့ရဘူး… အိမ်ရှင်ကို မေးကြည့်တော့မှ တိမ်လွှာတို့ က အမှန်တကယ် စင်္ကာပူသွားပြီး ဆေးကုတာဖြစ်ကြောင်း… ကျွန်တော်ပြင်ဦးလွင်ထိလိုက်လာမယ်မှန်း မသိလို့ စိတ်အရမ်းပူမှာစိုးပြီး ပြင်ဦးလွင်ကို အပန်းဖြေထွက်တာလို့ ပြောထားကြောင်းပြောပြတယ်… ဒါနဲ့ ကျွန်တော်လည်း စင်္ကာပူထိလိုက်ဖို့က မဖြစ်နိုင်တော့ သူတို့ မိသားစုဆီကနေပဲ… တိမ်လွှာ့အဖေရဲ့  စင်္ကာပူဖုန်းနံပါတ်ကို တောင်းထားလိုက်တယ်…
ကျွန်တော်အမေနဲ့ ညီမဆီကို ကျွန်တော်ဖုန်းဆက် အကျိုးအကြောင်းပြောပြီး ရန်ကုန်ကို နောက်နေ့မှာ ပြန်ဆင်းလာခဲ့တယ်… ရန်ကုန်ရောက်တော့ ကျွန်တော်ရထားတဲ့ ဖုန်းနံပါတ်အတိုင်း ဆက်ကြည့်တော့ တကယ် တိမ်လွှာ့အဖေလာကိုင်တယ်… ကျွန်တော်လည်း ပြင်ဦးလွင်လိုက်သွားပြီး အကြောင်းစုံသိရကြောင်းပြောလိုက်တော့… တိမ်လွှာ့အဖေက ကျွန်တော့်ကို တော်တော်အားနာသွားတယ်… စင်္ကာပူကိုတော့ လိုက်မလာဖို့တားတယ်… သူတိမ်လွှာ့အခြေအနေသိချင်ရင် ဒီဖုန်းကိုပဲ ဆက်ပြီး မေးလို့ ရကြောင်းပြောတယ်…
သူပြောပြပုံအရ တိမ်လွှာအခြေအနေ အဆိုးကြီး မဟုတ်သေးကြောင်းသိရတယ်… နှလုံးရောဂါ အစပြုတဲ့ လက္ခဏာတွေပြတာပဲ ရှိသေးတာကြောင့် အချိန်မှီ အချိန်ယူပြီး ကုသရင် ပျောက်ကင်းနိုင်ကြောင်းပြောပြတယ်… ကျွန်တော်လည်း တိမ်လွှာနဲ့ ၃ရက်တခါလောက်ဖုန်းပြောခွင့်ရတယ် တိမ်လွှာ့အသံကလဲ လန်းလန်းဆန်းဆန်းပါပဲ… ကျွန်တော်နဲ့ စကားပြောရလို့ သူအရမ်း ပျော်နေတယ်… ကျွန်တော်ကလဲ သူ့ကို စိတ်ညစ်စရာတွေ မတွေးဖို့၊ ဆရာဝန်စကားနားထောင်ဖို့ နဲ့ ဘုရားတရားများများလုပ်ဖို့ ဂုဏ်တော်တွေ အချိန်ရှိသရွေ့  ပွားများနေဖို့ အမြဲ သတိပေးဖြစ်တယ်… သူကလဲ ကျွန်တော့်စကား နားထောင်ရှာပါတယ်…
ကျွန်တော်လည်း ကျွန်တော်ရထားတဲ့ business ဘွဲ့ နဲ့ မြန်မာပြည်က နာမည်ကြီး ကုန်ပဏီ တစ်ခုမှာ အလုပ်ရသွားတယ်… တိမ်လွှာလဲ ဟိုမှာ ခြောက်လလောက် အချိန်ယူပြီး ကျကျနန ဆေးကုပြီးနောက် မြန်မာပြည်ပြန်လာခဲ့တယ်… သူအရင်ကထက်ပိုပြီး လန်းလန်းဆန်းဆန်းရှိလာသလို ပိုပြီးလည်း ပျော်ရွှင်လာတယ်… သူပြောပုံ အရတော့ သူဟိုမှာ ဘာမှ လုပ်စရာမရှိတော့ ဘုရားတရားပဲ အောက်မေ့ပြီး ဂုဏ်တော်ပဲ ပွားများဖြစ်နေရာကနေ သူ့ရဲ့  စိတ်တွေအရင်ကထက် ပိုပြီး ကြည်လင်ပျော်ရွှင်လာတယ်တဲ့… ဒါကလဲ နှလုံးရောဂါကုသရာမှာ အသုံးဝင်တဲ့ ဆေးတလက်ပဲလေ…
တိမ်လွှာ ဒီမှာ နေသားတကျဖြစ်သွားသည်အထိစောင့် ပြီးမှ ကျွန်တော်နဲ့ တိမ်လွှာ စေ့စပ်ဖြစ်တယ်… တိမ်လွှာကတော့ သူရထားတဲ့ ဘွဲ့နဲ့ အလုပ်လုပ်ချင်တယ် ပြောတယ်… ဒါပေမယ့် ကျွန်တော် သူ့ကို အပြင်ထွက်ပြီး အလုပ်လုပ်ခွင့်မပေးနိုင်ဘူး… ဒါနဲ့ သူလည်း သူနှစ်သက်တဲ့ game programming ကိုပဲ ဆက်လက်လေ့လာပြီး အိမ်မှာပဲ နေပြီး အလုပ်လုပ်တော့မယ်လို့ ဆုံးဖြတ်လိုက်တယ်… ကျွန်တော်လည်း ကျွန်တော့် အလုပ်မှာ နေသားကျပြီး အဆင်ပြေပြေရှိတဲ့ အခါတိမ်လွှာနဲ့ လက်ထပ်မယ်လို့ ဆုံးဖြတ်ထားတယ်… ဒါနဲ့ စေ့စပ်ပြီး ၁၀လလောက်အကြာမှာ ကျွန်တော်တို့ လက်ထပ်ဖြစ်ကြတယ်…
လက်ထပ်ပွဲကိုတော့ တိမ်လွှာသဘောအတိုင်း ခမ်းခမ်းနားနားမလုပ်တော့ပဲ… မိတ်ဆွေ၊ ဆွေမျိုး အရင်းအခြာတွေနဲ့ပဲ ဘုန်းကြီးကျောင်းမှာ ဆွမ်းကျွေးဖြစ်တယ်… ဒီနောက် ပျားရည်ဆမ်းခရီး အနေနဲ့ ကျိုက်ထီးရိုးတက်ပြီး ကုသိုလ်ပွားများခဲ့ကြတယ်… ဒီနောက်မှာ ကျွန်တော်တို့ ပျော်ပျော်ရွှင်ရွှင်နဲ့ တယောက်အကြိုက်တယောက်လိုက်ပြီး ပါရမီဖြည့်ဘက်ပီပီ ကုသိုလ်ရေးရာမှာလည်း တက်အားသရွေ့  ပါဝင်ဆောင်ရွက်ပြီး အေးချမ်းတဲ့ဘ၀လေးကို တည်ဆောက်နေကြပါတယ် ခင်ဗျာ….

2 comments:

Wei Min said...

ပျားရည်ဆမ်း ခရီးကို တခြားနေရာလစ်ပါလား.. ?

Yaminnie’s Daydream said...

ahee.... ku tho ya ag par... hal hal... :P